18 December 2015

နတလ အနာဂတ် ဘယ်ကို ဦးတည်နေသလဲ (Investigative Report)

10:06 pm - By Unknown 0

11226915_1663726133897753_4389272625639030176_n

Root Investigative Agency ( မင်းမင်း ၊ မိုးအောင် )

မော်လဝီ ဦးထုပ်ဆောင်းထားပြီး၊ အသက်ငါးဆယ့်ရှစ်နှစ်အရွယ်ရှိတဲ့ ရခိုင်မူဆလင် ဦးဆွေယော်ဒူလာဟာ တစ်ချိန်က သူရဲ့ပိုင်ဆိုင်မူတွေကို တုန်ယင်ယင်နဲ့ လက်ညိုး ထိုးပြနေပါတယ်။ သူညွန်ပြနေတဲ့ အရပ်ဟာ မောင်တောမြို့နယ် ခရေမြိုင်ကျေးရွာ တည်ရှိတဲ့ အရပ်ဒေသတွေကိုပဲ ဖြစ်ပါတယ်။ အဲဒီရွာလေးဟာ ခြေတံတို အိမ်ငယ်လေးတွေနဲ့ ပုံစံတူ ဆောက်လုပ်ထားတာကို မြင်တွေ့ရပါတယ်။

အဲဒီမြေတွေဟာ တစ်ချိန်က သူ ပိုင်ဆိုင်ခဲ့တဲ့ လယ်ယာမြေတွေဖြစ်ပြီး ခုချိန်ခါ မပိုင်ဆိုင်တော့ဘူးလို့ သူက နှမြောတသစွာ ဆိုပါတယ်။

“ အဲဒီ ပုံစံတူ ဆောက်လုပ်ထားတဲ့ အိမ်တွေကို အစိုးရ တည်ဆောက်တဲ့အခါ ကျနော်ရဲ့ လယ်တွေပါ ပါသွားပါတယ်။ သိရတာက စည်းကမ်း ပျက်ယွင်းမှုနဲ့ပဲ သိမ်းတယ်လို့ လူကြီးတွေက ပြောကြပါတယ် ”

သူ့လို လယ်ယာမြေသိမ်းဆည်းခံရမှုဟာ ဒီဒေသမှာ သူ တစ်ဦးတည်းမဟုတ်ဘဲ သူ့မိတ်ဆွေတွေရဲ့လယ်ယာမြေတွေလည်း ပါဝင်နေကြပါတယ်။ သိမ်းဆည်းခြင်းခံရတာမှာ အနေထား တူနေတာက စည်းကမ်းပျက်ယွင်းမှုဆိုတာပဲ ဖြစ်နေကြပါတယ်။ မောင်တောမြို့နယ် ဒေသဖွံဖြိုးရေး အသင်းက အတွင်းရေးမှူး ဦးမြင့်လှိုင် ကတော့ လယ်ယာမြေသိမ်းဆည်းခံရမှု အများစုဟာ မောင်တောခရိုင် မြောက်ပိုင်းမှာရော တောင်ပိုင်းမှာရော ဖြစ်ပေါ်ခဲ့တယ်လို့ သူက ဆိုပါတယ်။

အထူးသဖြင့် နိုင်ငံတော်အစိုးရက စီစဉ်တဲ့ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံဖြိုးရေးဆိုတဲ့ လုပ်ငန်းစဉ်အောက်မှာ ပါရှိသွားပါတယ်။ အဲဒီ အစီစဉ်က တည်ဆောက်ပေးတဲ့ ရွာတွေကို ဒေသခံတွေက နတလ လို့ပဲ အတိုကောက် ခေါ်ဝေါ်နေကြဆဲပဲ ဖြစ်ပါတယ်။

#နတလ စီမံကိန်းဆိုတာ

နယ်စပ်ဒေသ လူမျိုးများနှင့်ဖွံဖြိုးတိုးတက်ရေး စီမံကိန်းဟာ ၁၉၉၄ ခုနှစ်မှာ ပေါ်ပေါက်လာခဲ့ပါတယ်။ ရည်ရွယ်ချက် ပေါ်လစီက နယ်စပ်ဒေသတွေရဲ့ လူမျိုးရောထွေးမှုနဲ့ တိုင်းရင်းသားတွေရဲ့ နယ်ရပ်စွန့်ခွာမှုတွေကို ဖြေရှင်းရအောင်လို့ပါ။

ဒီစီမံကိန်းဟာ မြန်မာနိုင်ငံထဲမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့မှာလည်း ဖော်ဆောင်ခဲ့တာကို တွေ့ရပါတယ်။ နယ်စပ်ဒေသတွေမှာ နတလ ကျေးရွာတွေအဖြစ် အထူးသဖြင့် ရခိုင်ဒေသမှာ အစ္စလာမ်ဘာ သာဝင် အများစု ရှိတဲ့ မောင်တောခရိုင်တွေမှာ ကျေးရွာတွေ တည်ဆောက်ရင်း မြန်မာပြည်အလယ်ပိုင်းက လူတွေကို ခေါ်ဆောင်လာပါတယ်။

နတလ ကျေးရွာတွေမှာ ချပေးတဲ့ လူတွေ နေရေးထိုင်ရေး အဆင်ပြေအောင်လို့ နယ်စပ်ဒေသလူမျိုးများနှင့် ဖွံဖြိုးရေးဌာန အနေနှင့် လယ်ယာမြေတွေကို ဖန်တီးပေးထားတယ်လို့ သိရပါတယ်။ မောင်တောခရိုင်မှာရှိတဲ့ လယ်မြေတွေ သိမ်းဆည်းခံရမှုဟာ ဒီဖြစ်စဉ်က စတာလို့ အစ္စလာမ်ဘာသာဝင် တစ်ဦးက ဆိုပါတယ်။ ပြောင်းရွှေ့လာကြတဲ့ နတလ ကျေးရွာတွေအတွက် အိမ်ထောင်စု တစ်စုစီကို လယ် ၂ ဧက နွားနှစ်ကောင်၊ ဆိတ် အစရှိသည်တို့ကိုလည်း နတလရွာမှာ နေထိုင်ကြတဲ့သူတွေက လက်ခံရရှိကြပါတယ်။

ဒါပေမယ့် အဲ့ဒီရွာသားအများစုဟာ နွား၊ လယ်ယာတွေကို အငှားခံ ရောင်းချကြပြီး သူတို့ကိုယ်တိုင် လုပ်ကိုင်မှု နည်းပါးကြတယ် ဆိုတာကို နတလရွာတွေရဲ့ လေ့လာစုံစမ်းရေး ခရီးတွေအရ သိရှိခဲ့ရပါတယ်။ နတလ ရွာတွေထဲမှာ နာမည်ကြီး ရွာတစ်ရွာဖြစ်တဲ့ မောရ၀တီရွာက ရွာသားဖြစ်သူ ကိုလှမြင့်က အခုလိုဆိုပါတယ်။

“ အစိုးရက ပေးတဲ့ ပစ္စည်းတွေက လယ်ယာမြေအထောက်အကူပြု ပစ္စည်းတွေ။ ကျုပ်တို့က လယ်မှ မလုပ်ကြတာ။ ဒါကြောင့် ရောင်းချ ငှားရမ်းကြတာပါ။ လယ်နဲ့ မရင်းနှီးတဲ့ ဘ၀ကို လယ်သမားဖြစ်အောင် တွန်းပို့နေသလိုပဲ ”

နတလ ကျေးရွာတွေကို ထောက်ပံ့ပေးပို့တဲ့ ပစ္စည်းတွေ အသုံးမတည့်မှုတွေနဲ့ ပတ်သက်ပြီး သူတို့ရဲ့လုပ်ငန်းခွင် လိုအပ်ချက်တွေကို အမြဲတမ်း ဆန်းစစ် အချက်အလက် ကောက်ခံနေတယ်လို့ မောင်တောခရိုင် ဦးသန့်ဇင်က ဆိုပါတယ်။

“ သူတို့တွေ အထောက်အကူဖြစ်အောင် ဘာတွေလုပ်ပေးရမလဲဆိုပီးတော့ အသုံးဝင်မဲ့ အရာတွေကိုပဲ လိုက်ရှာနေပါတယ်”

#နတလ စီမံကိန်းဘယ်လဲ

နတလ ကျေးရွာတွေကို စုစည်း ကျေးရွာတွေနဲ့ ရွှေ့ပြောင်းကျေးရွာတွေ ဆိုပြီးတော့ သတ်မှတ်ထားပါတယ်။ စုစည်းကျေးရွာတွေဟာ အထက် မြန်မာပြည်က လူတွေကို စုစည်းပြီး နေရာချပေးထားတာဖြစ်ပြီး ရွှေးပြောင်းကျေးရွာတွေကျတော့ ဘင်္ဂလားဒေ့ခ်ျက စိုးရိမ်ကြောင့်ကြမှုကြောင့် ၀င်ရောက်လာတဲ့ ဒုက္ခသည်တွေလို့ မြန်မာနိုင်ငံအစိုးရက ခေါ်ဆိုပါတယ်။

နတလ ကျေးရွာမှာ ပြန်လည်စုစည်းပေးတဲ့သူတွေဟာ ဗုဒ္ဓဘာသာဝင်တွေ အများစုဖြစ်နေပြီး အစဉ်အလာ ကိုးကွယ်တဲ့သူတွေများတဲ့ မြောက်ပိုင်း ရခိုင်ဒေသမှာ နေထိုင်ရတာ မပျော်ကြတော့ဘူးလို့ ၁၉၉၅ ကတည်းကနေ မောင်တောခရိုင်ဒေသမှာ ရောက်ရှိနေကြတဲ့ နတလ ရွာသားတွေက ဆိုကြပါတယ်။

တချို့ဆိုရင်လည်း ပြန်လည် ပြောင်းရွှေ့သွားကြပြီး ရှိတဲ့ဟာတွေကို ရောင်းချပြီးရင် ပြန်လည်ဝင်လာကြတဲ့ ဖြစ်စဉ်တွေလည်း ရှိတယ်လို့ ဦးသန့်ဇင်က အတည်ပြု ပြောဆိုပါတယ်။

“ ကျွန်တော်တို့ကျတော့ ရန်ကုန်ဘက်က သူတွေကို စုတာ မဟုတ်ဘူးလေ ဒီဒေသကို ရောက်ရှိလာတဲ့ လူတွေကိုပဲ ထောက်ပံ့နေရာ ချပေးတာ ဆိုတော့ ဒီကို ပြန်ပြီးတော့ ၀င်ရောက်လာကြတဲ့ သူတွေ အပိုင်းကျတော့ စာရင်းကောက်ခံတဲ့သူတွေနဲ့ပဲ သက်ဆိုင်တယ်။ ”

ယဉ်ကျေးမှု အနေအထားမတူလို့ ပြန်လည်ထွက်ခွာသွားတဲ့သူများလည်း ရှိကြပါတယ်။ ၂၀၁၂ အရေးအခင်းတုန်းက ဖြစ်စဉ်တချို့မှာ နတလ ရွာတွေပါ ပါဝင်ခဲ့ရပြီး အဲ့ဒီလိုဖြစ်စဉ်မျိုး ပြန်လည်ပေါ်ပေါက်လာမှာကိုလည်း စိုးရိမ်နေတဲ့ နတလ ရွာသားတွေရှိကြပါတယ်။ ဒါပေမယ့် ၂၀၁၂ အပြီးမှာ အစိုးရက ဘင်္ဂလားဒေ့ရှ်က ဗုဒ္ဓဘာသာဝင်တွေ ရခိုင်မျိုးနွယ်စုတွေကို နတလ ကျေးရွာတွေအဖြစ် လက်ခံဆောက်ပေးလိုက်ကြပါတယ်။

ဒီလိုရွာတွေ တည်ဆောက်ပေးမှုဟာ မောင်တောခရိုင်ဒေသမှာ အစ္စလာမ် ကိုးကွယ်တဲ့သူ အများစုရှိတာကို ဘာသာရေးပါဝါ မျှတာအောင်ဆိုပြီးတော့ ဗုဒ္ဓဘာသာဝင်တွေကို ပိုပြီးအခွင့်အရေးပေးကြတာလားလို့ စဉ်းစားနိုင်ဖွယ်ရှိပါတယ်။

#နတလ ကျေးရွာသားများပြောသော သူတို့ ဘ၀အကြောင်း

မောင်တောကနေ သွားရင် ၂၁ မိုင်ခန့် ဝေးပြီး ရှေ့ကို ဆက်သွားရင် တောင်ပြိုမြို့ကို လွန်မြောက်ပြီးတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်သွားနိုင်တဲ့ လမ်းကြားထဲက ရန်အောင်မြင်ဆိုတဲ့ နတလ ကျေးရွာငယ်ဟာ အိုးအိမ်ဆိုင်ရာ ဖွံ့ဖြိုးမှုအနေအထားတွေ အားနည်းနေတာ တွေ့ရပါတယ်။ ဒီကျေးရွာမှာ ၂၀၁၂နှစ် နောက်ပိုင်းနဲ့ အဲ့ဒီမတိုင်ခင်က ပြောင်းရွေ့လာကြတဲ့ ဘင်္ဂလားဒေ့ခ်ျမှ ရခိုင်မျိုးနွယ်စုတွေရှိကြပါတယ်။ မတ်စောက်တဲ့ ချိုင့်ဝှမ်းတွေနဲ့ တောင်ကုန်းငယ်တစ်ခုမှာ အိမ်တည်ဆောက်ထားတဲ့ မြိုလူမျိုး ဦးယာလုဟာ ဘင်္ဂလားဒေ့ခ်ျဘာသာစကားပဲ ပြောတတ်ပါတယ်။ သူ့လိုပဲ အများစုဟာ ရခိုင်စကားပြောဆိုတတ်မှု နည်းပါးလွန်းပြီး ဘင်္ဂလားဒေ့ရှ် ဘာသာစကားပဲ ပြောဆိုကြပါတယ်။

သူ ဒီဒေသကို ပြောင်းရွှေ့လာတာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တွေက သူ့ကို အနှောင့်အယှက်ပေးကြလို့ ပြောင်းရွှေ့လာတာလို့ ပြောပါတယ်။

“ စိုက်ခင်းတွေကို လာပြီးတော့ ဖျက်ဆီးကြပါတယ်။ အိမ်မှာဆိုရင်လည်း ရှိတဲ့ဟာတွေကို တောင်းရမ်း ငှားယူပြီးရင် ပြန်မပေးကြဘူး။”

မြိုလူမျိုး ဦးယာလုဟာ ဒီကို ပြောင်းရွှေ့လာတာမှာ သူ့အနေနဲ့ အစိုးရဆီကိုလည်း အသိမပေးရသေးပါဘူး။ သူ့လိုပြောင်းရွှေ့လာတဲ့သူတွေက ဒီနိုင်ငံ အစိုးရဆီက လက်ဆောင်ရတယ်လို့ နတလရဲ့ထောက်ပံ့မှုတွေကို သူ နားလည်သလောက် ဆိုပါတယ်။ သူဟာ အခုဆိုရင် အသက် ငါးဆယ်ကျော်ပြီဖြစ်ပြီး သူငယ်စဉ်တုန်းက ရခိုင်ပြည်နယ်ကို ကြားသာကြားဖူးပြီး ရောက်ရှိခဲ့ခြင်းမရှိခဲ့ပါ။ အခုရောက်ရှိလာတာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အစ္စလာမ်ဘာသာဝင်တွေနဲ့ ပြောက်ကျားတွေရဲ့ အနိုင်ကျင့်မှုတွေကြောင့် ၀င်ရောက်လာတယ်လို့ဆိုပါတယ်။

သူ့မှာကျန်ခဲ့တဲ့ လယ်ယာမြေတွေကိုလည်း ဘင်္ဂလားက အစ္စလာမ်ဘာသာဝင်တွေက သိမ်းပိုက်လိုက်ကြပြီလို့ ဆိုပါတယ်။ သူနဲ့ ရင်းနှီးတဲ့ တချို့ မိတ်ဆွေတွေ ဆိုရင်လည်း လယ်တွေကို ရောင်းချပြီး လာလိုပေမဲ့ လူတွေရဲ့အခက်အခဲတွေကို သိပြီး ဈေးနှိမ်မှာစိုးလို့ အချိန်အနည်းငယ် စောင့်ဆိုင်းပြီး ရောင်းမယ်လို့ ပြင်ဆင်နေတယ် ဆိုတာကို သိရပါတယ်။

သူတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်း ခရိုင်အတွင်းက ကျေးရွာလေးတစ်ရွာကလို့ ဆိုပါတယ်။ သူနှင့် သမီးငယ်နှစ်ဦးအနက် တစ်ဦးဖြစ်တဲ့ ဆူနင်မာလာ ကလည်း ဖခင်နည်းတူ မြန်မာစကား မပြောတတ်ပါဘူး။ အင်္ဂလိပ်ဘာသာစကားကိုတော့ အနည်းငယ် ဖတ်တတ်ပြီး ဒုတိယတန်းအထိ သင်ယူခဲ့တယ်လို့ သိရပါတယ်။ အသက် ၁၂ နှစ်အရွယ်ရှိတဲ့ ဆူနင်မာလာက ဘင်္ဂလားဒေ့ရှ်ဘာသာစကားနဲ့ “ကျောင်းတော့ ဆက်တက်ချင်ပါသေးတယ်။ ဒီမှာနေရတာ မပျော်ဘူး။ ဟိုမှာဆိုရင်လည်း ကျောင်းတက်ဖို့သွားရင် ခဲပစ်၊ ဆဲဆိုခြင်း အမျိုးမျိုးတွေနဲ့ နှောင့်ယှက်ကြတယ်။ ဒီမှာလည်း အဲဒီလို ထပ်ဖြစ်မှာကို ကြောက်တယ်။ ”

အလှမယ် လို့ မြိုဘာသာစကားနဲ့ အမည့်မှည့်ထားတဲ့ သူမက နာမည်နဲ့ တကယ်ကို လိုက်ဖက်လှပါတယ်။ သူအနေနဲ့ ဘ၀ မျှော်လင့်ချက်ကို မရေရာတဲ့ အငွေ့အသက်ပါရှိတဲ့ ထင်မြင်ချက်နဲ့ ပြောပါတယ်။ ဆူနင်မာလာ ဟာ စစ်တွေ၊ မြောက်ဦး စတဲ့ ရခိုင်ပြည်နယ်က မြို့တွေကို အရမ်းပဲ သွားချင်နေပါတယ်။ သူ့အနေနဲ့ သွားမယ်ဆိုရင်လည်း အလွယ်တကူ သွားနိုင်ပေမယ့် ဘာသာစကား မကျွမ်းကျင်တာ၊ နယ်မြေမကျွမ်းကျင်မှု စတဲ့အရာတွေက အခက်အခဲရှိတယ်လို့ ပြောပါတယ်။ ဒါပေမယ့်လည်း ဒေသခံ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တဲ့ ရခိုင်လူမျိုးတွေရဲ့ သွင်ပြင်နဲ့ တူညီနေတာကြောင့် အစစ်အဆေးမရှိ သွားနိုင်ပါတယ်လို့ သူ့ ဖခင်က ဆိုပါတယ်။

ထိုသို့ ပညာတစ်ပိုင်းတစနှင့် ဘ၀အာမခံချက် လိုလားသူများအတွက် မဖွံ့ဖြိုးတဲ့ ဒေသတွေမှာ ဖြစ်ပေါ်နေကြအတိုင်း လူကုန်ကူးခံရမှုနှင့် လိင်လုပ်ငန်းတွေ တွင်ကျယ်လာမှုလည်း ဖြစ်ပေါ်လာနိုင်ဖွယ် ရှိပါတယ်။

လူကုန်ကူးခံရမှု လုပ်ငန်းမှာလည်း မောင်တောဒေသ၌ ဖြစ်ပွားမှု မရှိသေးဘဲ နတလ ရွာများအား လူစိမ်းများ ၀င်လျှင် သိရှိနိုင်ရန်လည်း သတင်းပေးပို့နိုင်ရန် သတင်းပေးများ ခန့်အပ်ထားသည်ဟု နတလ ခရိုင်မှူး ဦးသန့်ဇင်က ဆိုပါတယ်။

လိင်လုပ်ငန်း လုပ်ကိုင်မှုတွေဟာ နတလ ရွာတွေမှာ မဟုတ်ဘဲ တခြားနေရာက သူတွေ လိင်လုပ်ငန်းလုပ်နေကြတာကို လိုက်လံဖမ်းဆီးရာမှ အဲဒီလူတွေက နတလရွာကို ရှောင်ပုန်းပြေးတာကြောင့် နတလ ရွာတွေ လိင်လုပ်ငန်း လုပ်ကိုင်တယ်ဆိုပြီး အမည်တွင်ခဲ့မှုလည်း ရှိခဲ့တယ်လို့လည်း သူက ရှင်းပြပါတယ်။

#ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရခိုင်တိုင်းရင်းသားများအပေါ် ဒေသခံများ၏ ခံစားချက်

စိုးရိမ်ပူပန်မှုအရ ပြောင်းရွှေ့လာသူလို့ ခေါ်ဝေါ်ကြတဲ့ ဒုက္ခသည်တွေထဲမှာ ရခိုင်မျိုးနွယ်စုတွေဖြစ်တဲ့ မြို၊ သက်၊ ဒိုင်းနက်၊ ရခိုင် စသည်တို့ ပါရှိပါတယ်။ ပြောင်းရွှေ့လာသူ အများစုဟာ တစ်ဘက်နိုင်ငံရဲ့ နိုင်ငံသားတွေဖြစ်ကြပါတယ်။ မြန်မာနိုင်ငံတော် အစိုးရအနေနဲ့ အုပ်ချူပ်သူတွေက ဒီလို တစ်ဖက်နိုင်ငံသားတွေကို အလွယ်တကူ လက်ခံနေတာဟာ နားမလည်နိုင်စရာ ဖြစ်တယ် လို့ အလယ်သံကျော် ကျေးရွာက အစ္စလမ် ဘာသာဝင်ဖြစ်တဲ့ ဦးဆွေယောဒူလာက ပြောပါတယ်။

“ကျွန်တော်တို့ကျတော့ ဒီမှာ ငယ်ငယ်လေးကနေ နေလာတာ။ နိုင်ငံသား မဟုတ်ဘူးတဲ့။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ခိုးဝင်လာသူတွေကျတော့ ဘာမှ မပြောဘူး။ နေစရာပေးတယ်။ အလုပ်အကိုင်ပေးတယ်။ ဒါဟာ ကိုးကွယ်တဲ့ ဘာသာကြောင့်များလားလို့ ကျူပ် ထင်တယ်။ ”

ဦးဆွေယောဒူလာ ယူဆသကဲ့သို့ပင် တစ်ခြားသော အစ္စလမ်ဘာသာဝင်များ ကြားတွင်လည်း နိုင်ငံသားဖြစ်ခွင့်ကို အလွယ်တကူ ရရှိလာနိုင်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ၀င်ရောက်လာသူများအား နိုင်ငံသားဖြစ်ခွင့် ရရှိသွားခြင်းသည် ဗုဒ္ဓဘာသာဝင် ဖြစ်သောကြောင့် ဟု အလွယ်တကူ လက်ခံ နားလည်ထားကြသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းနှင့် ပြန်ကြားရေးဆပ်ကော်မတီ ဥက္ကဌ ဦးလှသိန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စိုးရိမ်ပူပန်မှုကြောင့် ပြောင်းရွှေ့လာကြသော ရခိုင်မျိုးနွယ်စုများအား ပြန်လည်လက်ခံခြင်းသည် အမျိုးသားရေးတာဝန်တစ်ရပ်အရ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း သူက ဆိုသည်။

#နိုင်ငံသားပြုမှုဆိုင်ရာနှင့် ဘာသာရေး ခွဲခြားမှုများ နောက်ကွယ်

ဘင်္ဂလားဒေ့ရှ်မှ ၀င်ရောက်လာသည့် ရခိုင်မျိုးနွယ်စုများသည် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲထည့်ပိုင်ခွင့် မရှိသေးသော်လည်း ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲများတွင် မဲထည့်ပိုင်ခွင့် ရှိသူများ ဖြစ်လာနိုင်ကြသည်။ လက်ရှိအခြေအနေတွင် မောတောခရိုင် မဲဆန္ဒနယ်အတွင်း၌ အစ္စလာမ်ဘာသာဝင်များသည် ယခုလာမည့် ၂၀၁၅ အလွန် လွှတ်တော်ထဲတွင် အသံမဲ့နိုင်ခြေရှိသည်။ ၎င်းတို့အား ကိုယ်စားပြုမည့် ပါလီမန် အမတ်လောင်း ပါတီများက လွှတ်တော်ထဲသို့ ၀င်ရောက်ခွင့် မရှိနိုင်တဲ့ အခြေအနေ ဖြစ်နေကြပါတယ်။
နိုင်ငံသားဖြစ်မှု ဥပဒေအရ မောင်တောခရိုင်ဒေသအတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၀၁၀ ရွေးကောက်ပွဲကာလနှင့် နှိုင်းယှဉ်လျှင် ၁၀ ဆ ခန့် လျော့နည်းကွာဟသွားတယ်လို့ ခရိုင်ကော်မရှင် ဦးအောင်ကျော်ညွှန့်က ဆိုပါတယ်။

“၂၀၁၀ တုန်းက ဆန္ဒမဲထည့်ပိုင်ခွင့်ရှိသူ ၅ သိန်း၊ ခုကျတော့ ၅ သောင်းပဲ ဖြစ်သွားပြီ”

မောင်တောခရိုင်ရဲ့ အနေအထားအရ ဒီအခြေအနေတွေဟာ ဆူပူမှုကို ဖြစ်ပေါ်လာနိုင်တယ်လို့ ယူဆရပါတယ်။ လုံခြုံရေးအရ စိုးရိမ် ကြောက်လန့်ဖွယ်ရာ စကားများကိုလည်း ပြည်နယ်အစိုးရရဲ့ အထက်အရာရှိပိုင်းများက ပြောဆိုနေကြပါတယ်။ လုံခြုံရေးအပေါ် စိုးရိမ်စိတ်ဖြင့် ပြောဆိုချက်များဟာ နတလ ကျေးရွာတွေအတွင်းမှာ တွေးပြီး ကြောက်လန့်နေကြတဲ့ သူတွေ ရှိပါတယ်။

ဘင်္ဂလားဒေ့ရှ်မှ စိုးရိမ်စိတ်ကြောင့် ၀င်ရောက်လာကြတဲ့ ဒုက္ခသည်များဟာ မောင်တောဒေသမှာလည်း တစ်ဖက် အစ္စလာမ် ဘာသာဝင်များရဲ့ ဘင်္ဂလားဒေ့ရှ်မှာ သူတို့ နေထိုင်ခဲ့စဉ်ကကဲ့သို့ အနှောင့်အယှက်ပေးနိုင်မယ်ဆိုတာကိုလည်း သံသယရှိနေဆဲ ဆိုတာ တွေ့ရှိရပါတယ်။ ဒီ မေးခွန်းနဲ့ ပတ်သက်ပြီး မေးမြန်းမှုတွေထဲမှာ ဖြေဆိုသူတစ်ဦးဖြစ်တဲ့ ခရေမြိုင်ကျေးရွာသူ ဒေါ်အေးငြိမ်းက ဝေခွဲမရစွာဖြင့် သူ့ရဲ့ ယူဆချက်ကို မပြတ်မသား ပြောပါတယ်။

“ဟိုမှာထက်စာရင် ဒီမှာ အနှောင့်အယှက် နည်းမယ် ထင်လို့ပါ။ ဒါကြောင့် ရခိုင်ပြည်ကို ၀င်ပြီး ခိုလှုံလာကြတာပါ။ အဓိက အကြောင်းအရင်းကတော့ ဗုဒ္ဓဘာသာဝင်တွေရဲ့ နိုင်ငံဖြစ်နေလို့ပါ။”

စံပယ်မြိုင်၊ မောရ၀တီ၊ ရွှေဗဟို၊ အလယ်သံကျော် ကျေးရွာများတွင်လည်း လုံခြုံရေးများ နေရာချထားပါတယ်။ သေနတ်သံများ မကြာမကြာ ကြားရတယ်လို့ နှစ်ဘက်လူ့အဖွဲ့အစည်း နှစ်ခုစလုံးက ဆိုကြပါတယ်။ ဓါးပြတိုက်မှု ဖြစ်စဉ်များလည်း ရံဖန်ရံခါ ရှိတတ်တယ်လို့ အလယ်သံကျော် ကျေးရွာမှ အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်သူ ဦးဆွေယော်ဒူလာ က ဆိုပါတယ်။

မောင်တောခရိုင်မှာ ချပေးထားတဲ့ နတလ ကျေးရွာတွေမှ အစ္စလာမ်ဘာသာဝင်တွေ လုံးလုံး ပါဝင်တာကို မတွေ့ရပါဘူး။ ဒါဟာ အစ္စလာမ် ဘာသာကို ကိုးကွယ်တဲ့သူတွေများတဲ့ မောင်တောဒေသမှာ နိုင်ငံရေးအရ ဘာသာရေးပါဝါကို ထိန်းကျောင်းပြီး လူမျိုးရေးစနစ်တစ်ခုကို လည်ပတ်တာလို့ ယူဆနိုင်ဖွယ်ရှိပါတယ်။

#စစ်ရေးအရ အရေးပါလာမည့် နတလ ကျေးရွာများ

မြန်မာ့ထိပ်တန်း စစ်အရာရှိဟောင်းတစ်ဦးရဲ့ ထုတ်ဖော်ပြောကြားချက်အရ မောင်တောခရိုင်ဒေသမှာရှိတဲ့ နတလ ရွာတွေဟာ စစ်ရေးအရ လုံခြုံရေးအနေအထားမှာ ရှိတယ်လို့ ဆိုပါတယ်။ နိုင်ငံတော် အစိုးရအနေနဲ့ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးအစီအစဉ်မှာ အထက်မြန်မာပြည်ဘက်က လူတွေကို မခေါ်ယူတော့ဘဲ တစ်ဖက်နိုင်ငံက ရခိုင်လူမျိုးတွေကို လက်ခံနေရာချပေးနေတာကို တွေ့ရပါတယ်။

ပြီးတော့ သူတို့တွေထဲက တချို့ဟာ မောင်တောဒေသခံ ဗုဒ္ဓဘာသာဝင်တွေရယ်၊ ရခိုင်ဒေသမှာရှိတဲ့ ရခိုင်တွေအတွက်ပါ ပိုပြီး ရင်းနှီးကျွမ်းဝင်မှု ရအောင် တိုင်းပြည်အပေါ် အနစ်နာခံလိုစိတ် ပြင်းပြနေကြပါတယ်။ ဒီနေရာမှာ ၂၀၁၂ အရေးအခင်းအပြီး ရခိုင်တွေ ကျယ်ပြန့်စွာ မောင်တော နယ်စပ်မှာ ၀င်ရောက်လာမှုနှင့်အတူ ရခိုင်လက်နက်ကိုင်တပ်ဖြစ်တဲ့ ကချင်ပြည်နယ်အခြေစိုက် ရက္ခိုင်တပ်မတော် (AA) က အသံတစ်ခု ထွက်ရှိလာပါတယ်။

ရက္ခိုင်တပ်မတော် (Arakan Army – AA) က ရေပြင်၊ မြေပြင်၊ ဝေဟင် ကာကွယ်ရန် ရခိုင်ပြည်တွင် အခြေစိုက်ရန် အသင့်အနေအထား ရှိနေခဲ့ပြီဟု ၂၀၁၄ ခုနှစ် ဧပြီလထဲမှာ ပြုလုပ်ခဲ့တဲ့ ရခိုင်အမျိုးသား ကျောက်ဖြူညီလာခံမှာ တရားဝင် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒီလို ထုတ်ဖော်ပြောဆိုမှုဟာ AA တပ်မတော် အနေနဲ့ သူတို့ရဲ့ နယ်စပ် တပ်သားအင်အားကို ဘင်္ဂလားဒေ့ရှ်က ၀င်ရောက်လာတဲ့ ရခိုင်မျိုးနွယ်စုတွေကို အသုံးချမလားဆိုတာကို တွေးကြည့်ရမှာပါ။

မောင်တောခရိုင်တောင်ပိုင်း ရွှေဗဟိုမှာ နေထိုင်တဲ့ မောင်မောင် (အမည်လွှဲ) က သူ့လက်ညိုးကို သေနပ်ပစ်သလို ကွေးပြရင်း “ဒါကိုရရင် ငါတို့ပြည်ကို ငါတို့ ရပြီ။ ဒီမှာ စားဝတ်နေရေးကျပ်ရင် အဲဒီတပ်ဆီကို ၀င်သွားမယ်” ဟု သူက ဆိုပါတယ်။

သြဂုတ်လရဲ့ နောက်ဆုံးသီတင်းပတ်တွေမှာလည်း ရက္ခိုင်တပ်မတော် (AA) နဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ကြား တိုက်ပွဲဖြစ်ပွားမှုတွေ ရှိခဲ့ပါတယ်။
အစိုးရဆီက အထောက်အပံ့ ရယူနေရင်း အလုပ်အကိုင်အခွင့်အလမ်း ရှားပါးနေတဲ့ သူတို့ ဘ၀မှာ ရွေးချယ်စရာတွေလည်း နည်းပါးနေတယ်လို့ သူက ဆိုပါတယ်။ သူတို့ရဲ့ အနစ်နာခံလိုစိတ်၊ ရခိုင်တွေကို ချစ်တဲ့ စိတ်ကို ပြလိုတဲ့ သူတို့ဟာ အခွင့်အရေးပေးရင် AA တပ်မတော် သို့မဟုတ် မြန်မာ့တပ်မတော်ထဲကို အချိန်မရွေး ၀င်ရောက် သွားနိုင်ခြေ ရှိကြပါတယ်။

#နတလ သည် ၀ှက်ဖဲ တချပ်လား

မောင်တောဒေသမှာ ရှိတဲ့ နတလ ကျေးရွာတွေက ရခိုင်မျိုးနွယ်စုတွေ ၃ နှစ်ပြည့်ပြီးရင် နိုင်ငံသား ပေးလိုက်တာဟာ မောင်တောခရိုင်မှာ ရှိတဲ့ နိုင်ငံသား မဖြစ်ကြရသေးတဲ့ ရိုဟင်ဂျာလူမျိုး အစ္စလာမ်ဘာသာဝင်တွေကို မျက်ကွယ်ပြုရာ ကျနေပါတယ်။ အများစုသော လူမျိုးကို နိုင်ငံရေး၊ ဘာသာရေးအရ အခွင့်အရေး အနည်းငယ်မျှ မပေးခြင်းဟာ ရှင်သန်မှု အကျဉ်းအကျပ်ထဲကို ရောက်ရှိ သွားတဲ့ ဖြစ်စဉ်ပါ။ သေးငယ်သော အစုအဖွဲ့ ခံစားမှုတွေကနေ ကြီးမားသော ပြဿနာ ဖြစ်လာနိုင်တယ်ဆိုတာကို မြန်မာအစိုးရအနေနဲ့ သတိပြုမူသင့်ပါတယ်။

၂၀၁၂ ခုနှစ်ကလို အရေးအခင်းများ မောင်တောခရိုင် ပြန်လည် မပေါ်ပေါက်လာနိုင်ဘူး ဆိုတာ ဘယ်သူမှ အာမခံလို့ မရပါဘူး။ တဘက်လူမျိုးနဲ့ တဘက် သေးငယ်တဲ့ မှုခင်းလေးတွေ ရံဖန်ရံခါ ပေါ်ပေါက်နေတယ်ဆိုတာလည်း မောင်တောခရိုင် မှုခင်းမှတ်တမ်းများအရ သိရှိနိုင်ပါတယ်။ နတလ ကျေးရွာကြောင့် လယ်မြေတွေ အသိမ်းခံလိုက်ရတဲ့ ဦးဆွေယော်ဒူလာကတော့ သက်ပြင်းတွေ ချပြီး စဉ်းစားစွာ ပြောဆိုလိုက်ပါတယ်။

“ကမ္ဘာကြီးမှာရှိတဲ့ နိုင်ငံတစ်ခုစီတိုင်းမှာ မတူညီတဲ့ လူမျိုး၊ မတူညီတဲ့ ကိုးကွယ်သူများ ရှိကြမြဲပါ။ ဒါပေမယ့် သူတို့အနေနဲ့ အဲဒီနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် နေထိုင်လိုခြင်း ရပ်ဆိုင်းခြင်း၊ ဒါမှမဟုတ် နိုင်ငံသားဖြစ်ခွင့် ဆုံးရှုံးခံပြီး အခြားနိုင်ငံတစ်ခုခုရဲ့ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားမယ်ဆိုရင်၊ အခြားနိုင်ငံရဲ့ အရိပ်ကို ခိုလှုံမယ်ဆိုရင် ဒါဟာ ဒုက္ခသည်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ အဆင့်ဆင့်ကို ဖြတ်ကျော်ပြီးမှသာလျှင် သွားရမှာ ဖြစ်ပါတယ်။ အခုဟာက ဗုဒ္ဓဘာသာ ဖြစ်ရုံမျှ နေအိမ်၊ လယ်မြေ၊ ထွန်ယက်စရာ နွားနဲ့ စားနပ်ရိက္ခာက အစ လိုလေသေးမရှိအောင် ဖြည့်ဆည်းပေးထားပြီး ၃ နှစ်စောင့်ရင် နိုင်ငံသားပြုခွင့်ပေးမယ် ဆိုတာ မြန်မာအစိုးရအနေနဲ့ တရားမျှတပါရဲ့လား”

#သုံးသပ်ချက်

ရခိုင်ပြည်နယ်သည် ဒီမိုကရေစီ အစိုးရသစ် တက်လာပြီးချိန်ကစ၍ ပြည်နယ်အတွင်း၌ အတွေးအခေါ်၊ အယူအဆ မတူညီမှုများကြောင့်သော်လည်းကောင်း၊ လူမျိုးရေး အစွဲအလမ်းကြောင့် သော်လည်းကောင်း၊ အချင်းချင်း ပဋိပက္ခများဖြစ်ကာ အဓိကရုဏ်း ဆူပူမှုကြီးများနှင့် ယနေ့တိုင် သံသယအမုန်းမီးများက တောက်လောင်နေဆဲ ဆိုသည်ကို အားလုံး အသိပင် ဖြစ်သည်။

ရခိုင်ပြည်နယ် ၀န်ကြီးချူပ် အဆက်ဆက် ဖြစ်ကြသည့် ဦးလှမောင်တင်၊ ဦးမောင်မောင်အုန်းနှင့် ယခု ဦးမြအောင်တို့ကလည်း ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် ကြိုးပမ်းခဲ့ကြသော်လည်း အောင်မြင်မှု မရရှိခဲ့ကြသေး။
အစ္စလာမ်ဘာသာဝင်များနေထိုင်ရာ ဒေသများသို့ မည်သည့် ဘာသာ၊ မည်သည့် လူမျိုး မဆို အလွယ်တကူ ၀င်ရောက် စီးပွားကူးသန်းခွင့်နှင့် လွတ်လပ်စွာ သွားလာခွင့်များ ရှိနေသော်လည်း အစ္စလာမ်ဘာသာဝင်များအနေနှင့် ကန့်သတ်ခံနေရဆဲ ဖြစ်သည်။

တစ်ဖက်နှင့် တစ်ဖက် မတူညီသော သဘောထား၊ ခံယူချက်တို့ကို ဆွေးနွေးညှိနှိုင်းကြရာတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးဆိုသော ကိစ္စသည် မလွယ်ကူခြင်းတော့ အမှန်ပင်ဖြစ်သည်။ အထူးသဖြင့် နှစ်ဖက်စလုံးက ရိုးသားဖြူစင်ကြပြီး တစ်ဖက်နှင့် တစ်ဖက်၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ ယုံကြည်မှု တည်ဆောက်နိုင်ပြီး အာဃာတများ ကင်းပျောက်ကြမှသာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို အကောင်အထည်ဖော်နိုင်ကြမည် ဖြစ်သည်။

သို့ဖြစ်သောကြောင့် ရခိုင်ပြည်နယ် အစိုးရသော်လည်းကောင်း၊ ပြည်ထောင်စု အစိုးရသော်လည်းကောင်း ရခိုင်ပြည်နယ်၏ ထိလွယ်ရှလွယ်သည့် အခြေအနေများ၊ သံသယများ မငြိမ်းသေးချိန်တွင် ဘာသာရေးအရသော်လည်းကောင်း၊ လူမျိုးရေးအရသော်လည်းကောင်း ခွဲခြားအခွင့်ထူးပေးခြင်းဖြစ်စေ၊ ခွဲခြားဖိနှိပ်ခြင်းဖြစ်စေ မပြုလုပ်ရန် အလွန်လိုအပ်ပါသည်။

— ဤဆောင်းပါးသည် The welcome migrants from Bangladesh အမည်ဖြင့် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်စွဲထုတ် မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံတကာ မီဒီယာ Frontier Myanmar တွင် ဖော်ပြခြင်းခံရသော RIA ၏ Investigative Report ဖြစ်ပါသည်။

 

RIA မှ ကူးယူဖော်ပြပါသည် ။



Related Posts

M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင် လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။
စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။
M-Media ကို အကူအညီပေးလိုလျင် editor@m-mediagroup.com သို့ ဆက်သွယ်နိုင်ပါသည်။
M-Media is an independent, non-profit news channel led by a group of Myanmar Youths. We values media ethics and people’s loyalty.
Follow me @M-Media

0 comments:

Note: only a member of this blog may post a comment.

Text Widget

Blogroll

Discussion

Powered by Blogger.
back to top