M-Media
ညီသွေး ရေးသည်။
အမည်းတစ်စက်
ကောင်းကင်နဲ့မြေကြီး လွဲသလို နည်းနည်းလေးပဲလွဲသွားတာပါ။ သမ္မတကြီး မိန့်ခွန်းတွေမှာ အမြဲတမ်းပါနေတဲ့ မြင်သာတဲ့ နိုင်ငံရေ အသွင်ကူးပြောင်းမှုဆိုတာ ဒါကိုခေါ်ပါသလား။ ဤပုံကိုကြည့် အဝေးကပင်မြင်နိုင်ပါ၏ ဆိုသလို လက်ခုပ် တစ်ဖောင်းမကမြင်တဲ့ ခြံစည်းရိုးကိုကျော်၊ သံဆူးကြိုးကိုခွ၊ ခနော်ခ နဲ့ ၀ါးလှေခါးနဲ့ အတက်အဆင်းလုပ်၊ ပဲခူးမြို့နယ်သာယာကုန်းကျေးရွာက ခလေးအရွယ်လူမမယ် မူလတန်းကျောင်းသားလေးတွေရဲ့ နေ့စဉ်ကျောင်းသွားကျောင်းပြန်ခရီးရဲ့ ခက်ခဲကြမ်းတမ်းလွန်းလှတဲ့ ပုံရိပ်တစ်ပိုင်းတစ်စ။ ဒီကလေးတွေ ကျောင်းသားနေရတာနဲ့ မတူတော့ဘူး။ DSA စစ်သင်တန်းကျောင်းသွားတက်နေရတာနဲ့ တူနေပြီ။ ဘယ်လိုအတွေးအခေါ်တွေနဲ့များ ဒီတံတိုင်းကို ခတ်ခဲ့သလဲဆိုတာတော့ မသိဘူး။ လုပ်ခိုင်းတဲ့သူ တာဝန်ခံတွေရဲ့ ဦးနှောက်ကိုတော့ သေရင်တောင် ဆေးစိမ်ပြီး ထိန်းသိမ်းထားရမဲ့ပုံပဲ။ ထမင်းချိုင့်တစ်ဖက်၊ ကျောပိုးအိတ်ကြီး တစ်ဖက်နဲ့ အရွယ်မရောက်သေးတဲ့ ကလေးတွေရဲ့ဒုက္ခကိုကြည့်ပြီး အစိုးရလူကြီးမင်းများ ဘယ်လိုခံစားရသလဲတော့ မသိ။ အဖေ အမေ အဘိုး အဘွားတွေကတော့ ဒီပုံကိုကြည့်ပြီး ရင်နာလို့ ပြစ်ပြစ်နှစ်နှစ်မေတ္တာပို့ကြတာ အသံတွေလျှံနေပါပြီ။ နိုင်ငံတော်အစိုးရရဲ့ ပွင့်လင်းမြင်သာပြုပြင်ပြောင်းလဲရေး ခရီးလမ်းမှာ တင်ကျန်နေရစ်မယ့် အမည်းတစ်စက်အဖြစ်တော့ မှတ်တမ်းဝင် ပုံရိပ်ဖြစ်ခဲ့ပါပြီ။
ကျေးဇူးဆပ်လိမ့်မယ်
ပထမ ဦးနေဝင်းအစိုးရ (၂၆) နှစ်နောက် စစ်အစိုးရနဲ့ အသွင်ပြောင်းအရပ်သား အစိုးရ (၂၆) နှစ်ပေါင်း (၅၄) နှစ်အတွင်းမှာ အာဏပိုင်တွေရဲ့ နှိပ်ကွက်မှု၊ ခရိုနီတွေရဲ့ ဖိနှိပ်မှု၊ ကုန်ဈေးနှုန်းတွေရဲ့ထုထောင်းမှု၊ စားဝတ်နေရေးကျပ်တည်းမှုကြောင့် ပြည်သူဟာနလံမထူနိုင်သေးပါဘူး။
အရင်ခေတ်က ကျောင်းသားနဲ့ ဆန္ဒပြ အရပ်သားတွေဟာ အချုပ်ခန်းနဲ့ ထောင်တို့ရဲ့ သည်းခြေကြိုက်လူတန်းစား။ နောက်ဒီမိုကရေစီလို့ခေါ်ဆိုနေတဲ့ အရပ်သားအစိုးရ ခေတ်ရောက်တော့မှပဲ တောင်သူဦးကြီးတွေ၊ လယ်သမားတွေ၊ စက်ရုံအလုပ်ရုံ ၀န်ထမ်းတွေကိုလည်း ထောင်တွေ အချုပ်ခန်းတွေက ကြိုက်ကြတယ်ဆိုတာ မြင်ခဲ့သိခဲ့ရပါပြီ။ တောင်သူလယ်သမားတွေကို ဖမ်းဆီးထောင်ချတယ်ဆိုတာ မြန်မာနိုင်ငံကို နှစ်(၁၀၀) ကျော်နည်းမျိုးစုံနဲ့ ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ အင်္ဂလိပ်ကိုလိုနီခေတ်ကပဲ ရှိခဲ့ဖူးတယ်။ အခုခေတ် လူငယ်တွေဆို ဆရာစံ အရေးတော်ပုံ၊ ၁၃၀၀ ပြည့်အရေးတော်ပုံဆိုတာ ဖတ်စာအုပ်ထဲမှာပဲ ဖတ်ဖူးကြားဖူးကြမှာပါ။ အခု ကိုလိုနီခေတ်ကို ပြန်သတိရပြန်တမ်းတ လွမ်းရအောင် တောင်သူလယ်သမားအရေးအခင်းပြန်လုပ်ပေးနေတဲ့ အစိုးရကိုကြံဖန်ကျေးဇူးတင်ရမှာပါ။ မကြာခင်တောင်သူဦးကြီးများကလည်း ၂၀၁၅ ပြည့် အရေးတော်ပုံတို့၊ လက်ပံတောင်းတောင် အရေးတော်ပုံတို့နဲ့ ပြန်ပြီး တုံ့ပြန်ကျေးဇူးဆပ်ကြပါလိမ့်မယ်။
အရာရာအားလုံးကို အဆုံးသတ်ပေးမယ့် အရာကတော့ အမှန်တရားဆိုတာပါပဲ။ အလွန်အင်အားကြီးမားပါတယ်ဆိုတဲ့ ဟစ်တလာကို အဆုံးသတ်ပေး ပါတယ်။ ပြည်သူတွေ အကြောက်ကြီးကြောက်ခဲ့ရတဲ့ ကဒါဖီတို့ ဆဒမ်ဟူစိန်ကို အဆုံးသတ်ပေးပါတယ်။ငါးဖယ်နှင့်တူသောပြည်သူများဖြစ်လာပုံ
ကျွန်တော်တို့ပြည်သူတွေဟာလည်း တဖြည်းဖြည်းနဲ့ ခေတ်မီလာပါပြီ။ နှစ်ပေါင်း များစွာ၊ နည်းပြပေါင်းများစွာ၊ သင်္ခန်းစာပေါင်းများစွာ၊ ကန်ချက်ပေါင်းများစွာနဲ့ ပွဲပေါင်းများစွာတိုးလာရတဲ့ ပြည်သူလူထုဆိုတဲ့အသင်းဟာ ဘယ်အသင်းနှင့်မဆိုရင်ဆိုင်နိုင်လောက်တဲ့အထိ ခြေတက်လာခဲ့ပါပြီ။
ဒီနေရာမှာ ဆိုက်ဘီးရီးယားကနေ ဂျပန်ကိုငါးအရှင်ရအောင် တင်ပို့တဲ့အကြောင်းလေး သတိရမိတယ်။ ငါးအစိမ်းကြိုက်တဲ့ဂျပန်တွေအတွက် လတ်လတ်ဆတ်ဆတ်ငါး အရှင်တွေကို ယေယာဉ်နဲ့တင်ပို့တဲ့ အခါ လေယာဉ်မူးတဲ့ ဒဏ်နဲ့ ငါး ၄၀% လောက်လမ်းမှာတင် သေဆုံးကုန်တယ်။ သေတဲ့ငါးတွေ အကြောင့်တွက်ခြေ မကိုက်ဘဲ နစ်နာဆုံးရူံးမှု များလာလို့ သုတေသနလုပ် အဖြေရှာတဲ့အခါ တစ်ယောက်က ငါးသေတ္တာထဲကို ဂဏန်း ထည့်ဖို့အကြံပြုတယ်။ ဂဏန်းဆိုတာ ငါးရဲ့ရန်သူငါးတွေ ပိုတောင်သေအုံးမယ် မဖြစ်နိုင်ဘူးပေါ့။ ဒါပေမဲ့ နောင်ဆုံးစမ်းသပ် ထည့်ကြည့်လိုက်တဲ့အခါ ရလာဒ်က ဂဏန်းထည့်လို့သေတဲ့ ငါးသေတ္တာထဲကငါးတွေရဲ့သေနှုန်း ၅%လောက်ပဲရှိတော့တယ်။ ဂဏန်းရဲ့တိုက်ခိုက်မှုကိုခံရတဲ့ ငါးတွေဟာ သတ္တိရှိလာတယ်။ လေယာဉ်မူးတဲ့ ဒဏ်တွေဘာတွေ မမှုတော့ဘူး။ အသက် ရှင်သန်ဖို့အတွက် ရင်ဆိုင်ကာကွယ်နေရင်းနဲ့ပဲ သာမန်ထက် အင်အားတွေမြင့်လခဲ့တယ်။ ဂဏန်း ကိုက်မှုကြောင့် ငါးအချို့သေဆုံးခဲ့ပေမဲ့ ငါးအများစုကတော့ ခုန်လှုပ် ရုန်းကန်နေတဲ့အတွက် ပိုမိုကျစ်လစ် ပိုလတ်ဆတ်စေခဲ့ပြီး နဂိုထက်တောင် အရသာကောင်းမွန်စေခဲ့တယ်တဲ့။
အခုလည်း ဂဏန်းတွေနဲ့တူတဲ့ စစ်အာဏာရှင်တွေ ခရိုနီတွေရဲ့ကိုက်ခဲ ၀ါးမြိုမှုကြောင့် ပြည်သူတွေပိုပြီး မာကျောကျစ်လစ်လာတာ၊ စည်းလုံးညီညွတ်လာတာ၊ လှုံ့ဆော်လှုပ်ရှားမှုတွေ၊ ဆန္ဒဖော်ထုတ်မှုတွေ ဖိနှိပ်နေတဲ့ကြားက ပိုများလာတာ ဒီသဘောပါပဲ။ ထုလေမာလေ ငါးဖယ်လို ပြည်သူတွေတဖြည်းဖြည်းဖြစ်မှန်း မသိဖြစ်လာတာ နောင်တစ်ချိန် ငါးဖယ်နှင့်တူသော ပြည်သူများဖြစ်လာပုံဆိုပြီး သမိုင်းသစ်တွင် အုံးမှာပါ။
ညှီသောအစိုးရ
အာဏာခြံလုံဖို့အတွက်ဆို ဖြူနှင်းထွေးလို (၂၄) နှစ်အရွယ်မပြောနဲ့ မိချောင်းကန် သပိတ်စခန်းက အသက် (၇၀) ကျော် အဖွားအို သေဆုံးသွားတာလည်း မဖြေရှင်းပေးပဲ ထိုင်ကြည့်နေနိုင်တဲ့ အစိုးရ။ ဘုရားနဲ့ တစ်ကိုင်းတည်းထားရမယ့် သံဃာတော်တွေလည်း မရှောင်။ စေတီပုထိုးကျောင်းကန်တွေလည်း မလွတ်။ ဒီလို နှလုံးရည်ပြည့်ဝတဲ့ အစိုရပါ။ လက်ရုံးရည်လည်းကြည့်ကြပါဦး။
အပ်တို တစ်ချောင်းမျှမရှိရှာတဲ့ သံဃာတွေ၊ ပြည်သူတွေရဲ့သပိတ်စခန်းတွေ ကျောင်းသင်္ခန်းတွေကို ဝင်ရှင်းတဲ့နေရာမှာဆို မက္ကဆီကို ဘိန်းချက်စခန်းတို့၊ အစွန်းရောက် IS စခန်းတွေဝင်ရောက်စီးနင်းတဲ့ ကွန်မန်ဒိုတွေထက် ပိုသွက်တယ်။
.ပြည်သူလူထု လုံခြုံရေး အတွက်တော့ ရဲစခန်းထဲ ဝင်ပြေးတော့မှ စခန်းမှုးစားပွဲရှေ့ အသက်ပေးလိုက်ရတဲ့ သူနဲ့၊ တရားရုံးထဲကျမှ သေပွဲဝင်ရရှာတဲ့သူနဲ့၊ အုပ်စုဖွဲ့လူသတ်မှု ကျူးလွန်နေတာတွေကို ရပ်ကြည့်နေတဲ့ရဲတပ်ဖွဲ့တွေနဲ့ တက်ညီလက်ညီ အဖွဲ့ဝင်တွေစုံညီပါတဲ့ ကျွန်တော်တို့ရဲ့ ညှီသော အစိုးရပါပဲ။
စိတ်ကျန်းမာရေးဆေးရုံသို့
ပွဲဆူဖို့အတွက် ပြည်သူတွေ လမ်းလွဲဖို့အတွက် ဆိုလျှင်တော့ ပြည်သူ သန်း (၅၀) ကျော်ကို ဗြောင်လိမ်ခဲ့တဲ့ ခေါင်းလောင်းဆယ်မယ်ဆိုတဲ့ မောင်စံရွီး အဲလေ မောင်စံလင်းတို့ အဖွဲ့ကို အရေးမယူတဲ့ အပြင် ယုံမိတဲ့ပြည်သူကိုတောင် အယုံလွယ်လို့ ခပ်ညံ့ညံ့ပြည်သူဆိုပြီး အပြစ်တင်လိုက်ပါသေးတယ်။
တစ်ကယ်ဆို ခေတ်မီဖွံ့ဖြိုး တိုးတက်နေတဲ့ ခေတ်ကြီးမှာ ရွှေရောင်နဂါးကြီးတွေ ငဇင်ကာ ပင့်တယ်ဆိုတာတွေ ဘာညာနဲ့ ကြောင်တောင်တောင်ထလုပ်တဲ့ ကိစ္စတွေကို အရေးမယူတောင် စိတ် ကျန်းမာရေးဆေးရုံတို့ ဘာတို့ ကြတ်မတ်ပြီး ပို့ပေးသင့်တယ်မလား။ အခုတော့ ရှေ့ကလူကို အရေးမယူတော့ နောက်ကတစ်ဖွဲ့က ပွဲဆူမလားထပ်ပြီး သွေးတိုးစမ်းဦးမယ်ဆိုပဲ။ ခေါင်းလောင်းဖော်မယ့် အစား ကျောင်းကောင်းကောင်းတွေ ဖော်ဆောင်ကြလျှင်ဖြင့် မိဘပြည်သူ နတ်လူ သာဓုခေါ်ခံရပါလိမ့်ဦးမည်။
အမှန်တရားက အဆုံးသတ်ပေးတယ်
၂၀၁၅ ပန်းတိုင်ကြီးက နီးလာပါပြီ။ ပန်းတိုင်နဲ့နီးလာသလောက် ဆန္ဒပြပွဲတွေ၊ ပဋိပက္ခတွေ၊ သပိတ်တိုက်ပွဲ ဆင်နွဲမှုတွေနဲ့ ပန်းတိုင်ပျောက်မယ့် လမ်းလွဲတွေကလည်း ဝေစည်လာပါတယ်။ ပြည်သူကဖြစ်ချင်နေတာတွေ ဘာတစ်ခုမှ မဖြစ်သေးဘူး။ ဖြစ်သင့်တဲ့အရာတွေလည်း ဖြစ်မလာသေးဘူး။ ဖြစ်သွားတဲ့ အရာတွေကလည်း တစ်ခုမှ ကောင်းကွက်မရှိ။ အဖြူတစ်စက် အနက်တစ်ရာဆိုတဲ့ စကားကို သရုပ်ဖော်နေတဲ့ ပြကွင်းပြကွက်တွေ ချည်းထိုင်ကြည့်နေရတဲ့ ပရိသတ်ပြည်သူသာ မျှော်ရင်းနဲ့သာ ပေါ်မလာလည်တိုင်တွေသာ ကျီးပေါင်းထခဲ့ရပြီ။ ဒါပေမယ့် ဘယ်လို ဇာတ်လမ်းတွဲပဲဖြစ်ဖြစ် ဇာတ်သိမ်းခန်းဆိုတာရှိပါတယ်။ အရာရာအားလုံးကို အဆုံးသတ်ပေးမယ့် အရာကတော့ အမှန်တရားဆိုတာပါပဲ။
အလွန်အင်အားကြီးမားပါတယ်ဆိုတဲ့ ဟစ်တလာကို အဆုံးသတ်ပေး ပါတယ်။ ပြည်သူတွေ အကြောက်ကြီးကြောက်ခဲ့ရတဲ့ ကဒါဖီတို့ ဆဒမ်ဟူစိန်ကို အဆုံးသတ်ပေး ပါတယ်။ ဘဝမှာ ဘုရင်ခံဖြစ်ခဲ့ပေမယ့် အာဇာနည်တွေကို လုပ်ကြံခဲ့လို့ ကြိုးစင်တက်ခဲ့ရတဲ့ဂဠူန်ဦးစော၊ မတရားဖိနှိပ်ခံရတဲ့ တောင်သူလယ်သမားအရေး အတွက် အကျိုးစွန့် တော်လှန်ပုန်ကန်ခဲ့တဲ့ ဂဠူန်ဆရာစံ ကြိုးစင်တက်ရတာချင်း အတူတူ သူတို့ရရှိခဲ့တဲ့ သမိုင်း ရလာဒ်ချင်းကတော့ မိုးနဲ့မြေကွာခြားပါတယ်။ အာဏာရှင် ဦးနေ၀င်းရဲ့နောက်ဆုံးခရီးမှာ လိုက်ပါပို့ဆောင်သူ အယောက် (၂၀) မပြည့်ပါဘူး။
အမှန်တရားက ဒီလိုပဲ သမိုင်းတွေကို အဆုံးသတ်ပေးပါတယ်။ ကျွန်တော်တို့ပြည်သူတွေဟာ သင်္ခန်းစာတွေ အတွေ့အကြုံတွေကို အရှိုးရာတွေ၊ သွေးတွေချွေးင်္တေ၊ အသက်ဇီဝတွေနဲ့ရင်းပြီး ရယူခဲ့ပြီးပါပြီ။ ကျွန်တော်တို့ ဒီထက်ပို စည်းလုံညီညွတ်ရမယ်။ သွေးထိုးလှုံ့ဆော်မှုတွေ၊ ဘာသာရေး သပ်လျှိုမှုတွေ အမုန်းစကားတွေကို လက်တွဲမဖြုတ်ကြံ့ကြံ့ ရင်ဆိုင်နိုင်စွမ်းရှိရမယ်။ ပန်းတိုင်ကို မျက်ခြေပြတ်ခံလို့ မဖြစ်ပါဘူး။ ကဗျာဆရာကြီး အာချီဘောမက္ကလေ့ရှ်ကပြောပါတယ်။ အတွေ့အကြုံက တစ်ဆင့်သင်ယူရထက်ပိုပြီး အဆင်းရဲခံရတာ တစ်ခုရှိပါတယ်။ အဲဒါကတော့ အတွေ့အကြုံက တစ်ဆင့် မသင်တဲ့ ယူပဲတဲ့။ သင်ယူခဲ့ပြီးသား အတွေ့အကြုံကို မေ့ပစ်လိုက် လျှင်တော့ နောက်ထပ် အနှစ်(၅၀) (၆၀) လောက်အမှောင်ခေတ်ထဲမှာ ကျွန်တော်တို့တွေ ၀ဲလည်လိုက်ခံရပါလိမ့်မယ်။
0 comments:
Note: only a member of this blog may post a comment.