13 November 2017

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို U2 ပြစ်တင်ဝေဖန်

12:42 am - By Unknown 0

width=960

ကမ္ဘာကျော် အိုင်ယာလန်အဆိုတော် Bono ဘိုနို ဦးဆောင်တဲ့ U2 ယူတူး တေးဂီတအဖွဲ့က ကြေညာချက်တစ်စောင် မနေ့က ထုတ်ပြန်ကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရိုဟင်ဂျာ မွတ်စလင်တွေ အရေးနဲ့ပတ်သက်ပြီး နှုတ်ပိတ်နေမှုအတွက် ဝေဖန်ရင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း တိုက်ရိုက်တာဝန်ရှိသူအဖြစ် ပြစ်တင်လိုက်ပါတယ်။

သူတို့ ယူတူးအဖွဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က လွတ်မြောက်ရေးအတွက် နှစ်ပေါင်းများစွာ လှုပ်ရှားခဲ့ကြောင်း၊ သူမလွတ်မြောက်လာတဲ့နေ့ကဆိုရင် လေကို မိမိတို့ လက်သီးနဲ့ ထိုးခဲ့ကြကြောင်း၊ အဲဒီနောက် ဒပ်ဗလင်မြို့ကို ဒေါ်အောင်ဆန်းစုကြည် လာရောက်စဉ်ကဆိုရင် မိမိတို့ အိုင်ယာလန်နိုင်ငံသားတွေအတွက် ဂုဏ်ယူစရာအကောင်းဆုံး အချိန်ဖြစ်ခဲ့ကြောင်း၊ ဒါ့အပြင် ရွေးကောက်ပွဲမှာ NLD အနိုင်ရပြီး ဒေါ်အောင်ဆန်းစုကြည် တိုင်းပြည်ခေါင်းဆောင် ဖြစ်လာတော့လည်း သူမရဲ့ ရည်မှန်းချက်တွေ အံသြဖွယ်ရာ ရရှိတော့မယ်လို့ မျှော်တွေးရင်း မိမိတို့အနေနဲ့ သူမကိုယ်စား အသက်တောင် မရှုရဲခဲ့ကြကြောင်း၊ သူမဟာ ယုံကြည်မှုကို ဘယ်အရာနဲ့မှ အလဲအထပ်မလုပ်ပဲ ကိုယ်ရေးကိုယ်တာ စွန့်လွတ်စတေးမှုတွေနဲ့ ဂုဏ်သတင်း အစဉ်အလာကို စိုက်ထူခဲ့သူတစ်ဦးဖြစ်ကြောင်း၊ ဒါပေမဲ့ အခုလို လူမဆန်ရက်စက်မှုတွေကြောင့် ရိုဟင်ဂျာ ၆ သိန်းကျော် ထွက်ပြေးခဲ့ရတဲ့ကိစ္စမှာ သူမအနေနဲ့ ရေငုံနှုတ်ဆိတ်နေလိမ့်မယ်လို့ သူတို့အဖွဲ့အနေနဲ့ တစ်ခါတရံမှ မတွေးခဲ့ဖူးကြောင်း ဖေါ်ပြထားပါတယ်။

ဒါ့အပြင် ယူတူးအဖွဲ့ရဲ့ကြေညာချက်မှာ ရိုဟင်ဂျာတွေ ကြုံတွေ့နေရတဲ့ အကြမ်းဖက်ရက်စက်မှုတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အခုအပတ်အတွင်း တိုက်ရိုက်ပြောကြားခွင့်ရဖို့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် အောင်မြင်ခြင်းမရှိခဲ့ကြောင်း၊ လူ့အခွင့်အရေးလှုပ်ရှားသူ မာတင် လူသာကင်းက “ကြေကွဲစရာအကောင်းဆုံးဟာ လူဆိုးတွေရဲ့ ရက်စက်ဆိုးဝါးမှုမဟုတ်ဘဲ အဲဒီဆိုးဝါးမှုတွေကို လူကောင်းတွေက ရေငုံနှုတ်ပိတ်နေခြင်းပါပဲ” လို့ ပြောကြားခဲ့ကြောင်း၊ အခု ရိုဟင်ဂျာတွေကို လုံခြုံရေးတပ်ဖွဲ့တွေက နှိပ်စက်ညဉ်းပမ်းမှုမှာလည်း ဒေါ်အောင်ဆန်းစုကြည်က တလုံးတပါဒမျှ ထုတ်ဖေါ်ဝေဖန်ခြင်း မရှိတဲ့အတွက် သဘောတူရာကျနေကြောင်း ရေးသားထားပါတယ်။

ဆက်လက်ပြီး အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြင်ပကမ္ဘာက နားမလည်နိုင်တဲ့ ပြဿနာ အရှုပ်အထွေးတွေနဲ့ ပြည်တွင်းမှာ ရင်ဆိုင်နေရမယ်ဆိုတာ မိမိတို့သိပါတယ်။ ဒါပေမဲ့ အဲဒီ ပြဿနာတွေကြောင့် နှစ်ပေါင်းများစွာခံယူခဲ့တဲ့ ရပ်တည်ချက်ကိုတော့ မစွန့်လွတ်သင့်ပါဘူးလို့ ဆိုပါတယ်။

တဆက်တည်းမှာပဲ မိမိတို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှုတ်ဆိတ်နေမှုကို ခွင့်လွတ်နိုင်စရာ မရှိပေမယ့် ဒီကိစ္စမှာ သူမ တယောက်တည်းကို ဝေဖန်ပြစ်တင်လို့ မရကြောင်း၊ မြန်မာပြည်ကို အကြမ်းဖက်မှုက ကာကွယ်ရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ရိုဟင်ဂျာတွေကို အကြမ်းဖက်ဖိနှိပ်ဖို့ အမိန့်ပေးကြီးကြပ်ခဲ့သူက ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖြစ်တယ်ဆိုတာကို ကမ္ဘာကသိသင့်ကြောင်း၊ မြန်မာပြည်ရဲ့ ဖွဲ့စည်းပုံအရ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဗိုလ်ချုပ်မှူးကြီးကို ကွပ်ကဲညွန်ကြားနိုင်ခြင်း မရှိကြောင်း၊ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကိုပဲ အပြစ်တင်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လျစ်လျူရှုမယ်ဆိုရင် မှားယွင်းကြောင်း စသဖြင့် အဆိုတော် ဘိုနို အပါအဝင် ယူတူး အဖွဲ့ဝင်လေးဦးက သူတို့အဖွဲ့ရဲ့ အင်တာနက်ဝက်ဆိုဒ်မှာ ရေးသားထားပါတယ်။

RFA မှ ကူးယူဖော်ပြပါသည်။



The post ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို U2 ပြစ်တင်ဝေဖန် appeared first on News @ M-Media.

M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင် လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။
စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။
M-Media ကို အကူအညီပေးလိုလျင် editor@m-mediagroup.com သို့ ဆက်သွယ်နိုင်ပါသည်။
M-Media is an independent, non-profit news channel led by a group of Myanmar Youths. We values media ethics and people’s loyalty.
Follow me @M-Media

0 comments:

Note: only a member of this blog may post a comment.

Text Widget

Blogroll

Discussion

Powered by Blogger.
back to top