1 October 2016

ကုန်သွယ်မှု- ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၂၈)

12:16 am - By Unknown 0

စက်တင်ဘာ ၃၀၊ ၂၀၁၆
M-Media
ရာဇာ တင်ဆက်သည်
(အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
route-1
– ကုန်သွယ်မှုဟာ အစ္စလာမ်သာသနာနဲ့ ထဲထဲဝင်ဝင် ပတ်သက်ဆက်နွယ်နေပြီး တမန်တော်မုဟမ္မဒ်သခင် ကိုယ်တိုင်နဲ့ သူ့ရဲ့ နောက်လိုက်သာဝကကြီးတွေထဲက အများစုဟာ ကုန်သည်တွေဖြစ်ကြပါတယ်။ အစောပိုင်းမွတ်စလင်တွေရဲ့ နေ့စဉ်ဘ၀မှာ ဒီကုန်သွယ်မှုဟာ အစိတ်အပိုင်းတစ်ခုလို ဖြစ်နေတာကြောင့် စာချုပ်ခြင်း၊ ကုန်ပစ္စည်းဖလှယ်ခြင်း၊ ကာလရှည်ချေးငှားခြင်းနဲ့ ဈေးကွက်ဖော်ဆောင်ခြင်း စတဲ့ ကုန်သွယ်ရေးနဲ့ပတ်သက်တဲ့ စည်းမျဉ်းဥပဒေတွေကိုလည်း မွတ်စလင်က အစောဆုံး သတ်မှတ်ပြဌာန်းခဲ့တာ ဖြစ်ပါတယ်။

ကုန်သည်မျိုးစုံ၊ ကုန်ပစ္စည်းမျိုးစုံ ပြည့်နှက်နေတဲ့ အစ္စလာမ့်အင်ပါယာကြီးဟာ ကြီးမားကျယ်ပြန့်တဲ့ ကုန်သွယ်ရေးကွန်ယက်ကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ ရွှေ၊ ရွှေဖြူနဲ့ ဆားတွေလို ကုန်စည်တွေဟာ အင်ပါယာရဲ့ မြောက်ဖက်ကနေ အရှေ့ဖက်အထိ၊ အာဖရိက ဆဟာရဒေသကနေ မော်ရိုကို၊ စပိန်နဲ့ ပြင်သစ်တို့အထိ ရောက်ရှိကြပြီး ဂရိနဲ့ တူရကီ၊ အီဂျစ်၊ ဆီးရီးယားတို့ကိုလည်း ဒီကုန်ပစ္စည်းတွေက အနည်းငယ် ရောက်ရှိကြပါတယ်။ (၁၄ ရာစုက ငွေကြေးအဖြစ် အသုံးပြုခဲ့တဲ့) ကောင်ရီအခွံ (Cowrie shell) ဟာ မော်လ်ဒိုက်ကျွန်းကနေ အနောက်အာဖရိကအထိ ပြန့်ခဲ့ပါတယ်။ အိုးခွက်၊ စက္ကူ၊ ငွေစက္ကူတွေဟာ တရုတ်ပြည်ကနေ အနောက်တိုင်းကို ရောက်ခဲ့တာဖြစ်ပေမယ့် ကိုင်ရိုမှာ လူကြိုက်များမှု မရှိခဲ့ပါဘူး။ ကုန်စည်တွေဟာ ခရီးသွားတွေ၊ ဘုရင်တွေ၊ စော်ဘွားတွေ၊ ပညာတတ်တွေ၊ ဘုရားဖူးတွေနဲ့အတူ စီဆင်းခဲ့ပါတယ်။

ပိုးလမ်းမကြီးဖြတ်သွားတဲ့ဒေသဟာ မွတ်စလင်တွေရဲ့ စီးပွားရေးအတွက် အချက်အချာနေရာ ဖြစ်ခဲ့ပါတယ်။ ပင်လယ်ရေကြောင်း ကုန်သွယ်မှုကတော့ မြေထဲပင်လယ်ရဲ့ အာဖရိကနဲ့ ဥရောပ ကမ်းခြေတွေအထိ ရောက်ရှိပါတယ်။ စပိန်နိုင်ငံတောင်ပိုင်းက မာလာဂါဆိပ်ကမ်းဟာ ကုန်သွယ်ရေး အချက်အချာနေရာ ဖြစ်ခဲ့ပြီး အထူးသဖြင့် ဂျီနိုအာ (Genoa) လို ကုန်သည်တိုင်းပြည်လို့ တင်စားခေါ်ဝေါ်ရတဲ့ အီတလီနိုင်ငံဟာ ကမ္ဘာတစ်ဝှမ်းက ကုန်သည်တွေ စုဝေးရာနေရာ ဖြစ်ပါတယ်။ အီတလီသားတွေဟာ ဥရောပဘက် ကုန်သွယ်မှုကို လွှမ်းမိုးထားတာကြောင့်  အစ်ဗနေ့ ဘာတူတာ (Ibn Battuta) ဟာ အန်နာတိုလီယာ (Anatolia) ကို ဂျီနိုအာက သင်္ဘော တစ်စီးနဲ့ လိုက်ပါသွားခဲ့ပါတယ်။ သူက “ခရစ်ယာန်တွေဟာ ကျွန်တော်တို့ကို တော်တော်လေး ဂုဏ်ပေးဆက်ဆံပြီး သွားလာတာတွေအတွက် ကျွန်တော်တို့ဆီကနေ ပိုက်ဆံ မယူပါဘူး” လို့ ရေးသားခဲ့ပါတယ်။ မာလာဂါရဲ့ လူစည်ကားတဲ့ ဆိပ်ကမ်းတွေမှာ ကုန်သည်တွေဟာ ပိုးထည်၊ လက်နက်၊ ကျောက်သံပတ္တမြား၊ အထက်တန်းစား ကျွေထည်မြေထည်တွေကနေ စပိန်နိုင်ငံက အရသာရှိလှတဲ့ သစ်သီးဝလံတွေအထိ ကမ္ဘာတစ်ဝှမ်းက ကုန်ပစ္စည်းတွေကို ဖလှယ်ကြပါတယ်။

နိုင်းမြစ်ဝှမ်းပေါ်မှာရှိပြီး မြေထဲပင်လယ်ထဲ ထိုးထွက်နေတဲ့ အလက်ဇန်ဒရီးယားကလည်း အဓိကဆိပ်ကမ်းမြို့တစ်ခု ဖြစ်ခဲ့ပါတယ်။ ဥရောပကနေ အာရှအရှေ့ပိုင်းအထိ ကျယ်ပြန့်တဲ့ စပိုက်ကုန်သွယ်ရေးလမ်းမကြီး (Spice Route) ပေါ်မှာရှိတဲ့ ဒီမြို့ဟာ အိန္ဒိယသမုဒ္ဒရာ၊ ပင်လယ်နီနဲ့ နိုင်းမြစ်ကျောတစ်လျှောက်က ရောက်လာတဲ့ ကုန်စည်ပစ္စည်းတွေ ဥရောပကိုဝင်ရောက်ရာ ဂိတ်ဝလည်းဖြစ်ပါတယ်။ ဒီမြို့မှာ ဆိပ်ကမ်းနှစ်ခုရှိပြီး အနောက်ဖက်မှာ မွတ်စလင်တို့ရဲ့ ဆိပ်ကမ်းဖြစ်ကာ၊ အရှေ့ဘက်ကတော့ ခရစ်ယာန်တွေရဲ့ ဆိပ်ကမ်းဖြစ်ပါတယ်။ အဲဒီဆိပ်ကမ်းနှစ်ခုကို ဖာရို (Pharos) လို့ခေါ်တဲ့ ကျွန်းလေးတစ်ခု ခြားထားပြီး ဒီကျွန်းလေးမှာရှိတဲ့ မီးပြတိုက်ကြီးကလည်း အဲဒီအချိန်တုန်းက ကမ္ဘာ့အံ့ချီးဖွယ်ရာ အဆောက်အဦးတစ်ခု ဖြစ်ခဲ့ပါတယ်။

carတူရကီနိုင်ငံရှိ ကာရာဗန်ဆရီ ပရဟိတ ဖောင်ဒေးရှင်းတစ်ခု၏ အကျွင်းအကျန်တစ်ချို့

အဲဒီ ကုန်သည်လမ်းကြောင်းတစ်လျှောက်က ခေတ္တရပ်နားရာနေရာတွေမှာ ကာရာဗန်ဆရီ (Caravansaries) လို့ခေါ်တဲ့ ကုန်သွယ်ရေးနဲ့ပတ်သက်ပြီး စီမံခန့်ခွဲပေးတဲ့အဖွဲ့ ရှိပါတယ်။ ဒီအဖွဲ့ဟာ ပရဟိတအဖွဲ့တစ်ခုလည်းဖြစ်ပြီး ကုန်သွယ်တွေကို နေရာထိုင်ခင်း၊ စားစရာသောက်စရာတွေကို ၃ ရက် အခမဲ့ပေးကာ တစ်ခါတစ်ရံမှာ အရေးပါတဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေတစ်လျှောက် ကီလိုမီတာ ၃၀ အကွာတိုင်းမှာရှိတဲ့ ရပ်နားစခန်းတွေမှာလည်း သွားရောက်ပြီး ၀န်ဆောင်မှုတွေ ပေးလေ့ရှိပါတယ်။

ကမ္ဘာတစ်ဝှမ်း ကုန်စည်သေတ္တာပေါင်းစုံကို သယ်ဆောင်လာတဲ့ ကုန်သည်တွေဟာ သူတို့နဲ့အတူ အစ္စလာမ်သာသနာကိုလည်း သယ်ဆောင်ဖြန့်ဖြူးခဲ့ပါတယ်။ ၈ ရာစုမှာ အခု ကန်တုံဒေသ (Canton) လို့ခေါ်တဲ့ တရုတ်နိုင်ငံရဲ့ ဂွမ်ဇူ (Guangzhou) ကမ်းရိုးတန်းအထိ မွတ်စလင်တွေနဲ့ ဂျူးကုန်သည်တွေဟာ ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။ မွတ်စလင်ကုန်သည်တွေဟာ အာဖရိကအထိ ၀င်ရောက်သွားလာခဲ့ပြီး အစ္စလာမ်သာသနာကို ဆဟာရတစ်ဝှမ်းမှာ မိတ်ဆက်ပေးခဲ့သူကတော့ ဘာရ်ဘာရ်ကုန်သည်တွေ (BerBer) ဖြစ်ပါတယ်။ ပင်လယ်နီ၊ အဲဒီကနေတစ်ဆင့် နိုင်းမြစ်နဲ့ ဆက်သွယ်နေတဲ့ ကုန်သွယ်လမ်းကြောင်းတည်ရှိရာ အာဖရိကအရှေ့မြောက်ဖက်က ခြေသလုံးအိမ်တိုင်လူမျိုးစုတွေ အားလုံးဟာ သူတို့ရဲ့ ကြိုးပမ်းမှုကြောင့် အစ္စလာမ်ဘာသာဝင်တွေ ဖြစ်လာခဲ့ကြပါတယ်။

အစ္စလာမ်ကမ္ဘာက အချို့ဒေသတွေဟာ ကုန်သွယ်စီးပွားရေးဆောင်ရွက်ရာမှာ အရေးပါတဲ့နေရာတွေ ဖြစ်လာတာကြာင့် လူ့အဖွဲ့အစည်းတွေကလည်း မြင့်မားတိုးတက်ခဲ့ပါတယ်။ တူနီးရှားကာ အလ်-ကွေရာဝမ် (Al-Qayrawan) ဒေသ၊ မော်ရိုကိုက စီဂျီလ်မာဆာ (Sijilmasa) ဒေသတွေအကြောင်းကို ၁၀ ရာစု ကမ္ဘာလှည့်ခရီးသွားဖြစ်တဲ့ အစ်ဗနေ့ ဟောင်ကဲလ် (Ibn Hawqal) က သူ့ရဲ့ Book of the Routes of the Kingdoms (ဘုရင့်နိုင်ငံများဆီသို့သွားရာကျမ်း) ဆိုတဲ့ စာအုပ်ထဲမှာ အောက်ပါအတိုင်း ရေးသားဖော်ပြထားပါတယ်။

“မဂ်ရဘ် (Maghreb- တူနီးရှား) မှာ အကြီးဆုံးမြို့ဖြစ်တဲ့ အလ်-ကွေရာဝမ်ဟာ ကုန်စည် ကူးသန်းရောင်းဝယ်မှုအပိုင်းမှာ အားလုံးထက် သာလွန်ပါတယ်။ ပြီးတော့ ချမ်းသာကြွယ်ဝတယ်။ လှပတဲ့ ဈေးတန်းတွေလည်း ရှိပါတယ်။ မဂ်ရဘ်က ပြည်နယ်တွေနဲ့ ဒေသတွေအားလုံးက ၀င်ငွေဟာ ဒီနာ သန်း ၇၀၀ နဲ့ ၈၀၀ ကြားမှာ ရှိတယ်လို့လည်း ပြည်သူ့ဘဏ္ဍာတိုက်ရဲ့ ငွေတိုက်စိုး အဘူလ်-အလ်ဟာဆာ (Abu al-Hasa) ရဲ့ ပြောကြားမှုကိုလည်း ကျွန်တာ် ကြားခဲ့ရပါတယ်”

ကြွေရည်သုတ် ဖန်ထည်၊ မှန်ထည်ပစ္စည်းတွေ၊ ဒီဇိုင်းအလှ လယ်သာ၊ အုတ်ကြွတ်တွေ၊ မြေထည်တွေ၊ စာအုပ်၊ ကောဇော၊ ဆင်စွယ်ပန်းပုလက်ရာ၊ စာပန်းချီ၊ ဒမတ်စကတ်လုပ် ဓားအပါအ၀င် သတ္ထုထည်တွေ၊ ပန်းအိုးတွေ၊ ချည်ထည်တွေ၊ ပိုးထည်တွေ စတာတွေအပါအ၀င် အစ္စလာမ်ကမ္ဘာက ပစ္စည်းအများအပြားကို ဥရောပ၊ အာရှနဲ့ အာဖရိကတို့က တင်သွင်းခဲ့ကြပါတယ်။

မွတ်စလင်တွေရဲ့ ချည်ထည်တွေ၊ သတ္တုပစ္စည်းတွေနဲ့ ဖန်ထည်တွေ၊ ဆပ်ပြာတွေဟာ အဲဒီအချိန်တုန်းက အရည်အသွေးကောင်းမွန်ပြီး ဈေးကောင်းရခဲ့ပါတယ်။ မမ်လုက်မင်းဆက် (Mamluk) လက်ထက်က ထွက်ရှိခဲ့တဲ့ ရွှေဆိုင်း၊ ကြွေရည်သုတ်မှန်ထည်တွေ၊ ဇိမ်ခံပစ္စည်းတွေကို ပင်လယ်နက်ရဲ့ မြောက်ဖက် ကမ်းခြေတွေနဲ့ ဥရောပက စကန်ဒီနေးဗီးယား၊ ဥရောပ မြောက်ပိုင်းနဲ့ ဟော်လန်က မက်စ်ထရစ်ခ်ျ ဒေသ (Maastricht) တွေမှာ ရှေးဟောင်းသုတေသနပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

ကန္တာရခရီးသည်

trade

Caravan လို့ခေါ်တဲ့ မွတ်စလင် ကန္တာရခရီးသည်တွေဟာ ကုန်စည်တွေ၊ တိရစ္ဆာန်တွေနဲ့အတူ စီတန်းကာ အလွန်ဝေးကွာတဲ့ ခရီးကို သွားကြတာဖြစ်ပြီး ကမ္ဘာ့ ဟိုဘက်အခြမ်း၊ ဒီဘက်အခြမ်းကို ရောက်ရှိခဲ့ကြပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က ဘုရားဖူးဖို့ ဒါမှမဟုတ် ကုန်သွယ်ဖို့ဖြစ်ပြီး ကန္တာရခရီးနှင်ကြတဲ့ အဲဒီကုန်သည်တွေဟာ တရုတ်ပြည်လို ဝေးကွာတဲ့နေရာတွေကို ရောက်ခဲ့သလို၊ အိန္ဒိယ၊ ပါရှား၊ ဆီးရီးယားနဲ့ အီဂျစ်တို့အထိ ခြေဆန့်ခဲ့ကြပါတယ်။

ကုလားအုပ်နဲ့ ခရီးသွားတဲ့ တစ်ချို့အုပ်စုတွေမှာ လူအရမ်းများပြီး တစ်ဦးတစ်ယောက်အနေနဲ့ သူ့နေရာက ထသွားလိုက်ရင် အဲဒီနေရာကို ပြန်ရှာလို့ မရတော့လောက်အာင် လူတွေ ပြည့်ကျပ်ခဲ့ပါတယ်။ အဲဒီ အုပ်စုတွေဟာ အစားသောက်တွေကို မိုးပြဲဒယ်ကြီးနဲ့ ချက်လေ့ရှိပြီး သူတို့ထက် ဆင်းရဲနိမ့်ပါးတဲ့ သူတွေကိုလည်း ရက်ရက်ရောရော ကျွေးလေ့ရှိကာ လမ်းမလျှောက်နိုင်တဲ့သူတွေအတွက် သူတို့ရဲ့ အစီးအနင်းတွေကို လှူဒါန်းကြပါသေးတယ်။

သူတို့သွားတဲ့နေရာတိုင်းကို သိုးတွေ၊ ဆိတ်တွေ ယူဆောင်သွားလေ့ရှိပြီး ဒီတိရစ္ဆာန်တွေကနေ နို့ကို သောက်သုံးကြပါတယ်။ ကုလားအုတ်ရဲ့ နို့နဲ့ အသားတွေက သူတို့အဟာရရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်သလို၊ ခြောက်သွားတဲ့ အရိုးတွေကလည်း ချမ်းအေးတဲ့ ညဘက်တွေမှာ မီးဖိုဖို့ အသုံးဝင်ပါတယ်။ ခရီးလမ်းတစ်လျှောက်မှာ သူတို့ယူဆောင်လာတဲ့ ဂျုံမှုန့် ဆား၊ ရေတို့နဲ့ ပေါင်မုန့်အကြမ်း၊ အချောတွေကို လုပ်စားကြပါတယ်။ သောက်ရေကိုတော့ ဆိတ်သားရေ၊ ကျွဲသားရေတွေနဲ့လုပ်ထားတဲ့ အိတ်တွေနဲ့ ယူဆောင်ကြပါတယ်။ ရေရှိတဲ့နေရာတွေကတော့ သူတို့ရဲ့ စခန်းချရာနေရာတွေပါ။ သဲကန္တရာအတွင်း နေ့ဘက်မှာ အလွန်ပူပြင်းတာကြောင့် ညဘက်တွေက သူတို့ ခရီးနှင်ရာ အချိန်ဖြစ်ပြီး မီးတုတ်တွေက မီးရောင်တွေကြောင့် ကန္တာရခရီးသည်တွေရဲ့ သွားရာ လမ်းတစ်လျှောက်ဟာ နေ့ခင်းဘက်လို လင်းလက်တောက်ပနေပါတော့တယ်။

(ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

(ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – အပိုင်း ၁ မှ ၂၇ အထိကို ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)



Related Posts

M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင် လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။
စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။
M-Media ကို အကူအညီပေးလိုလျင် editor@m-mediagroup.com သို့ ဆက်သွယ်နိုင်ပါသည်။
M-Media is an independent, non-profit news channel led by a group of Myanmar Youths. We values media ethics and people’s loyalty.
Follow me @M-Media

0 comments:

Note: only a member of this blog may post a comment.

Text Widget

Blogroll

Discussion

Powered by Blogger.
back to top