27 July 2014

ပဋိပက္ခတွေ ဘယ်မီဒီယာက ဖန်တီးတာလဲ

10:25 pm - By Unknown 0

ဇူလိုင် ၂၇၊ ၂၀၁၄
The Messenger Journal  Vol 5 ,No မှ ကူးယူဖော်ပြသည်။



ပြည်တွင်းပြည်ပ မီဒီယာတချို့နှင့် မသင့်လျော်သော အမုန်းပွားစေနိုင်သော ကျင့်ဝတ်နှင့် မညီသော လှုံ့ဆော်မှုများကြောင့် မိမိတို့နိုင်ငံတွင် လူအုပ်စုခြင်း အကြမ်းဖက် သတ်ဖြတ်မှုများနှင့် မီးရှို့သည့်ဖြစ်ရပ်များကို ကြုံတွေ့ရပြီး ဖြစ်ပါသည်။ ကမ္ဘာ့အလယ်တွင် သိက္ခာကျဆင်းခံရမှုများလည်း ကြုံတွေ့ခဲ့ရပါသည်။ ပြည်သူများအနေဖြင့် မိမိတို့၏ မီဒီယာကို လွတ်လပ်မှုနှင့်အတူ တာဝန်သိသော၊ တာဝန်ရှိသော၊ ဂုဏ်သိက္ခာရှိသော မီဒီယာ ဖြစ်စေလိုပါသည်။ ထို့ကြောင့် ဘက်လိုက်မှုကင်းပြီး ပြည်သူကို မှန်ကန်သော အသိပညာပေးသည့် မီဒီယာ ဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။

အထက်ပါ အကြောင်းအရာများသည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းထံသို့ မီဒီယာများနှင့် ပတ်သတ်သည့် သ၀ဏ်လွှာ ပေးပို့ခြင်း ဖြစ်သည်။ အဆိုပါ သ၀ဏ်လွှာမှာ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းမှ မီဒီယာ သမားများနှင့် ပတ်သတ်သော မေတ္တာရပ်ခံသည့် သ၀ဏ်လွှာ ပေးပို့ပြီးနောက် သမ္မတက ပြန်လည်ပေးပို့ခဲ့ခြင်း ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်အနေဖြင့် ၎င်း၏ သ၀ဏ်လွှာတွင် ပြည်တွင်းပြည်ပ မီဒီယာ တချို့သည် ပဋိပက္ခဖြစ်စေသော  သွေးထိုးလှုံ့ဆော်မှုများကို ကျင့်ဝတ်နှင့်မညီဘဲ ရေးသားထားသည်ဟု သုံးနှုန်းထားပြီး မည်သည့်မီဒီယာ ဆိုသည်ကို တိတိကျကျ ဖော်ပြထားခြင်း မရှိပေ။
ပြည်တွင်းမှာရှိတဲ့ ပုံနှိပ်မီဒီယာတွေမှာ ပါရင်လက်ဆုပ်လက်ကိုင် ပြပါ။ စာကြောင်းနဲ့ အပိုဒ်နဲ့ စာမျက်နှာ၊ ဘယ်သတင်း၊ ဘယ်ဆောင်းပါးမှာ လူသတ်မီးရှို့အောင် လှုံ့ဆော်တာပါလည်း ဆိုတာကို တိတိကျကျ ပြဖို့လိုတယ်။ သမ္မတအနေနဲ့ပါ ဟု စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောသည်။

မန္တလေး ပဋိပက္ခ ဖြစ်ပွားနေစဉ် ကာလအတွင်း အကြမ်းဖက်မှုများ ဖြစ်ပေါ်စေရန် လူမှုကွန်ရက် စာမျက်နှာများတွင် ပေါ်ပေါ်ထင်ထင် သွေးထိုးလှုံ့ဆော်မှု ပြုလုပ်နေသူများကို အရေးယူခြင်း မရှိသည်မှာ မေးခွန်းထုတ်စရာ ဖြစ်သည်။

အဆိုပါ ပဋိပက္ခ ဖြစ်စေသော အဓမ္မပြုကျင့်သည့် သတင်းကို ဖော်ပြသော သစ်ထူးလွင် ဘလော့ဂ်သည် တရားဝင် Mainstream မီဒီယာ မဟုတ်ပေ။ အဆိုပါ ဘလော့ဂ်သည် အန်းဒရွက်စနစ် အသုံးပြုနိုင်သည့် မိုဘိုင်းဖုန်း အများစုတွင် အခမဲ့ ရရှိနေသော ဆောဖ့်ဝဲလ်တစ်ခု ဖြစ်သည်။

လွှတ်တော်နာယက ပိုတဲ့ စာထက် ပြင်းထန်လွန်းတဲ့ တုံ့ပြန်မှု တစ်ခုလို့ မြင်နေရတယ်။ အဲဒီမှာ ပြည်တွင်း၊ ပြည်ပ မီဒီယာ တချို့ကြောင့် ပြည်တွင်းမှာ လူသတ်မှုတွေ အကြမ်းဖက်မှုတွေ ဖြစ်နေတယ်လို့ သမ္မတက တိုက်ရိုက်စွပ်စွဲထားတယ်။ ဆိုရှယ်မီဒီယာ အွန်လိုင်းမီဒီယာ လုံးဝမပါဘူး။ ဒါထူးခြားတယ်။ ကျွန်တော်ပြောရရင် သမ္မတနောက်က ရေးပေးတဲ့သူက ရေးပေးတာ ပြောပေမယ့် ကိုယ်တိုင်သဘောတူတယ်လို့ ဆိုရမှာပဲ " ဟု ဦးကျော်မင်းဆွေက ဆိုသည်။

ပုံနှိပ်မီဒီယာ တချို့တွင် ကျင့်ဝတ်နှင့်မညီဘဲ သွေးထိုးလှုံ့ဆော်မှုများကြောင့် အကြမ်းဖက် မီးရှို့မှုများ ဖြစ်ပေါ်နေသည်ဟု ဆိုသော အခြေအနေကို သက်သေအတိအကျဖြင့် ပြသရန် လိုအပ်ပြီး ယခုကဲ့သို့ သ၀ဏ်လွှာတွင် ပါဝင်နေသည့် အချက်အလက်မျာသည် ကျန်ရှိနေသော မီဒီယာများကို ထိခိုက်စေကြောင်း မီဒီယာသမားများက မှတ်ချက်ပြုကြသည်။

Mainstream မီဒီယာမှာ ပဋိပက္ခနဲ့ ပတ်သတ်ပြီး ရေးသားတာတွေ တော်တော်လေး ထိန်းလာကြပါတယ်။ မိတ္ထီလာ၊ လားရှိုး၊ မန္တလေး ဖြစ်စဉ်တွေမှာ သက်သေပြလို့ရတာ အများကြီးရှိပါတယ်။ တဖြည်းဖြည်း တိုးတက်လာတဲ့အပိုင်းပါ။ အဲဒီလို လုံးချလို့ မရပါဘူး" ဟု Myanmar Journalist Network မှ အတွင်းရေးမှူး (၁) ဦးအောင်သူရက ပြောသည်။

၂၀၁၁ ခုနှစ်က စတင်ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် ကျောက်နီမော် မသီတာထွေး ကိစ္စတွင် အစိုးရသတင်းစာ နှစ်စောင်မှ ကျင့်ဝတ်နှင့်မညီသော အရေးအသား သတင်းကြောင့် လှုပ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

၂၀၁၁ ခုနှစ် ဇွန်လ (၅) ရက်နေ့ထုတ် အစိုးရ သတင်းစာများတွင် လူမျိုးရေး ပဋိပက္ခများ ဖြစ်ပေါ်မှုနှင့် ပတ်သက်၍ သတင်းထုတ်ဖော်ချက်များသည် ပြည်သူလူထုကြားတွင် ဝေဖန်မှုများ ပေါ်ထွက်ခဲသည်။ အဆိုပါ သတင်းတွင် တောင်ကုတ်မြို့၌ ခရီးသည် (၁၀) ဦး အကြမ်းဖက် အသက်ခံရမှု သတင်းဖော်ပြရာတွင် သတင်းမီဒီယာများ စောင့်စည်းလိုက်နာရမည့် ကျင့်ဝတ်ကို ချိုးဖောက်မှုများ ရှိခဲ့ကြောင်း စာနယ်ဇင်းသမားများမှ ထိုအချိန်က ဝေဖန်ပြောဆိုခဲ့ကြသည်။ အဆိုပါ သတင်းဖော်ပြမှုနှင့် ပတ်သက်ပြီး ပြန်ကြားရေး ၀န်ကြီးဋ္ဌာန ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ် (လက်ရှိ နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယ ၀န်ကြီး) က DVB သတင်းဋ္ဌာနသို့ ပြောကြားရာတွင် ထိခိုက်နစ်နာစေလိုသော ဆန္ဒမရှိဘဲ အရေးအသားမှားယွငှ်းု သက်သက်သာ ဖြစ်သည့် အတွက် အရေးယူဖို့ မရှိကြောင်းနှင့် သတိထားရမည့် သင်ခန်းစာအဖြစ် ဖော်ထုတ်ပြီး သင်ကြားပေးဖို့သာ ရှိကြောင်း ပြောဆိုခဲ့သည်။ သတင်းစာဆရာ မောင်ဝံသ (ကွယ်လွန်) ကလည်း အစိုးရထုတ် သတင်းစာတွင် ဖော်ပြမှုနှင့် ပတ်သတ်ပြီး ကြီးသည့်အမှု သေးအောင်၊ သေးသည့်အမှု ပပျောက်အောင် လုပ်နေသည့် အချိန်တွင်၊ သေးသည့်အမှုကို ကြီးအောင် ဖြစ်စေနိုင်သည့်အတွက် သူ့အနေဖြင့် စိုးရိမ်မိကြောင်း DVB သတင်းဋ္ဌာနသို့ ထိုအချိန်က မှတ်ချက်ပြုစကား ပြောကြားခဲ့သည်။

နိုင်ငံတော် သမ္မတ၏ သ၀ဏ်လွှာတွင် မီဒီယာ အချို့ကြောင့် အကြမ်းဖက်မှုများ ဖြစ်ပွားရခြင်းကို ဖော်ပြထားခြင်းသည် လတ်တလော ဖြစ်ပွားခဲ့သော မန္တလေး ပဋိပက္ခကိုသာ ဆိုလိုခြင်း ဖြစ်နိုင်ကြောင်း ဥိးကျော်မင်းဆွေ ဆိုသည်။

သို့သော် မန္တလေး ပဋိပက္ခ ဖြစ်ပွားရခြင်းမှာ အွန်လိုင်း၊ ဘလော့ဂ် တစ်ခုမှ ဖော်ပြသော အဓမ္မကျင့်မှု သတင်းမှ စတင်ကာ အကြမ်းဖက်မှုများ ဖြစ်ပွားလာခြင်း ဖြစ်သည်။ ထိုအဓမ္မ ပြုကျင့်မှု သတင်းမှာလည်း လိမ်ညာတိုင်ကြားမှုသာ ဖြစ်ကြောင်း ပြည်ထဲရေးက သတင်းထုတ်ပြန်ထားသည်။


"ကျောက်နီမော် ကိစ္စနဲ့ ပတ်သက်ပြီး ပြောကြစတမ်းဆိုရင် ပုံနှိပ်မီဒီယာမှာ အဲဒီကိစ္စကို ဘယ်သူက စတင်တာလဲ၊ အစိုးရသတင်းစာက စတင်တာလေ။ အစိုးရ သတင်းစာက ဘယ်လိုသုံးနှုန်းသွားလည်းဆိုတာ ပြန်ကြည့်လိုက်လေ။ အဲဒီတော့ သမ္မတကြီးရဲ့ စကား ရှေ့နောက်မညီမှာ စိုးပါတယ်။"  ဟု ဦးကျော်မင်းဆွေက ပြောသည်။

ယူနတီဂျာနယ်မှ သတင်းထောက်များ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၀)နှဏ် ချမှတ်မှုမှာ ပြင်းထန်ကြောင်း ဝေဖန်မှုများရှိသည်။ ထို့အပြင် Bi မွန်းတည့်နေ ဂျာနယ်မှ အယ်ဒီတာများနှင့် သတင်းထောက်များကို နိုင်ငံတော် အကြည်အညို ပျက်စေမှုဖြင့် ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။ "မီဒီယာ ဖိနှိပ်မှုရပ်" စာတန်းပါရှိသော အင်္ကျီများ ၀တ်ဆင်၍ သမ္မတပွဲအား သတင်းယူခွင့် မရ၍ အသံတိတ် ဆန္ဒထုတ်ဖော်သော သတင်းသမားအယောက် (၅၀) ကို ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားသည်။

"ဖြေရှင်းတဲ့ပုံ မှားရင် ထိပ်တိုက်ဖြစ်လာနိုင်တယ်။ ပြည်တွင်းငြိမ်းချမ်းရေး၊ ကိစ္စဆိုရင် အစိုးရက မမှန်ကန်လို့ ပဋိပက္ခက နှစ်ပေါင်း ခြောက်ဆယ်ကျော် ရှည်ခဲ့တယ်။ တစ်ယောက်နဲ့ တစ်ယောက် အသိအမှတ်ပြုပြီး အပြန်အလှန် ဖြေရှင်းဖို့ လိုတယ်။ ဖြေရှင်းတဲ့ နည်းလမ်းက မှန်ရင် မကြာခင် ပြေလည်သွားလိမ့်မယ်" ဟု ဦးအောင်သူရက ဆိုသည်။

မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်အက်ဥပဒေကို ချိုးဖောက်ခြင်းကြောင့် သက်ဆိုင်သည့် အဖွဲ့အစည်းများမှ တရားစွဲဆိုခြင်း တရားရေး မဏ္ဍိုင်မှ ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ခွင့်  ရှိသည့် တရားစီရင်မှုနှင့်အညီ စီရင်ဆုံးဖြတ်ခြင်းတို့သည် အုပ်ချုပ်ရေးအဖွဲ့ အစိုးရနှင့် တိုက်ရိုက်ပတ်သက်ခြင်း မရှိသည်ကို ဥပဒေများဖြင့် ပြဋ္ဌာန်းသတ်မှတ်ထားပြီး ဖြစ်ပါသည်။ နိုင်ငံတော် သမ္မတ အနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၀၄ အရသာ ဆောင်ရွက်ပေးခွင့် ရှိပါသည်ဟု အဆိုပါ သ၀ဏ်လွှာတွင် ဆက်လက် ဖော်ပြထားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၀၄ တွင် နိုင်ငံတော် သမ္မတသည် (က) ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးပိုင်ခွင့်ရှိသည်။ (ခ) အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ၏ ထောက်ခံချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့် ရှိသည်ဟု ဖော်ပြထားသည်။

"ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းထားတဲ့ မီဒီယာ ဥပဒေတွေမှာ မီဒီယာ သမားလုပ်နေတဲ့ သူက ခံစားခွင့် တကယ်ရှိရဲ့လား။ သတင်းမီဒီယာတွေ ဆုံရှုံးတဲ့ အခွင့်အရေးကို သိရဲ့လား။ ဒါကို ပြောချင်ပါတယ်။ ဒါတွေက လေ့လာပြီး ပြောဖို့ လိုအပ်လာပြီလို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်" ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှ် ဦးခိုင်မောင်ရည်က ပြောသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် စာပေစိစစ်ရေးအား ပယ်ဖျက်ပေးခဲ့ကာ ပုဂ္ဂလိက သတင်းစာများ ထုတ်ဝေခွင့် ပြုခဲ့သည်။ ယခုနောက်ပိုင်းတွင် နိုင်ငံတော် သမ္မတမှ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် မီဒီယာ လွတ်လပ်ခွင့် ထိပ်ဆုံးအဆင့်တွင်ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း ထည့်သွင်းပြောကြားလာမှုများ ရှိသည်။ သို့သော်လည်း စာနယ်ဇင်းသမားများသည် ဖိနှိပ်မှုအောင်တွင် ရှိနေသေးသောကြောင့် ဆန္ဒထုတ်ဖော်မှုများ ရှိသည်။

M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင် လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။
စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။
M-Media ကို အကူအညီပေးလိုလျင် editor@m-mediagroup.com သို့ ဆက်သွယ်နိုင်ပါသည်။
M-Media is an independent, non-profit news channel led by a group of Myanmar Youths. We values media ethics and people’s loyalty.
Follow me @M-Media

0 comments:

Note: only a member of this blog may post a comment.

Text Widget

Blogroll

Discussion

Powered by Blogger.
back to top