M-Media
ညီသွေး ရေးသည်။
ကမ္ဘာကြီးရဲ့ အထိတ်တလန့်သံချောင်း၊ ခေါက်သံတွေ၊ ကမ္ဘာကြီးရဲ့ ဒဏ်ရာအနာတရတွေ၊ ကမ္ဘာကြီးရဲ့ ငိုရှိုက်ညည်းတွားသံတွေ… အင်း.. အားလုံးဟာ ကိုယ့်တစ်ကိုယ်ရေ အတ္တကိုပဲ ရှေ့တန်းတင်လို့၊ ကိုယ့်မိသားစုအရေးပဲ ရှေ့တန်းတင်လို့၊ ကိုယ့်လူမျိုးအတွက်ပဲ ရှေ့တန်းတင်လို့၊ ကိုယ့်တိုင်းပြည်ကိုယ့်နိုင်ငံချစ် စိတ်တစ်ခုတည်းပဲ ရှေ့တန်းတင်လို့ ကမ္ဘာသူ ကမ္ဘာသားအားလုံးနဲ့ဆိုင်တဲ့၊ ကမ္ဘာသူကမ္ဘာသားအားလုံးပိုင်တဲ့ ကမ္ဘာ့ရွာကြီးရဲ့ကျန်းမာရေးကို လျစ်လျူရူခဲ့ကြတာ သမိုင်းစဉ်ဆက်ကြခဲ့ပါပြီ။ ကမ္ဘာ့မြေမှာ ဇရာဝင်ပေမယ့် အထာမပြင်ကြသေးတဲ့သူတွေ၊ ဇရာနှောင်းပေမယ့် အထာမပြောင်းသေးတဲ့သူတွေ၊ ကဗျာဆရာလွမ်းရုံရဲ့ ကဗျာစာသားတစ်ကြောင်းလို “ဘဝကို ပျော်သလို ကြာခိုခဲ့တဲ့ အနှစ်သုံးဆယ်” တွေများပြားလာလွန်းလို့လား။
ကျပန်းဖြစ်စဉ်၊ ဖရိုဖရဲဖြစ်စဉ်တွေနဲ့ ရွေ့လျားနေတယ်လို့ ကျွန်တော်တို့ထင်နေတဲ့ တိမ်ဆိုင်တိမ်ခဲတွေကတောင် (Fractal Geometry) လို့ခေါ်တဲ့ ဂျီသြနေတြီ သဘောတရားတွေကိုလိုက်နာသည်တဲ့။ ပျက်နေတဲ့နာရီတစ်လုံးကလည်း အမှန်တရားကို တစ်နေ့နှစ်ကြိမ်ပြနေနိုင်သေးတယ်ဆိုရင် ကျွန်တောတို့လူသားရင့်မကြီးတွေ အမှန်တရားကို ဘယ်လောက်တောင်ရှေ့တန်း တင်သင့်သလဲ၊ သစ္စာတရားကို ဘယ်လောက်တောင် တန်ဖိုးထားသင့်သလဲ။ လူသားချင်းစာနာမူတွေကို ဘယ်လောက်တောင် အလေးပြု သင့်သလဲ၊ မေတ္တာတရားတွေပွားများလာအောင် ဘယ်လောက်တောင်မွေးမြူသင့်သလဲ။ အခုတော့ ကမ္ဘာကြီးရဲ့တစ်နေရာမှာ အဖျားတက်နေတာ ကျွန်တော်တို့အရေးမဟုတ်သလို၊ ကမ္ဘာကြီးရဲ့တစ်နေရာမှာ ပွဲလန့်တုန်း ဖျာခင်းနေတာကြတာ ကိုယ်နဲ့မဆိုင်လိုနေခဲ့ကြတဲ့ ဓလေ့ဟာ ကမ္ဘာကြီးမှာ အထွန်းကားကြီး အထွန်းကားခဲ့ပြီ။
လောကကြီးကိုရောက်လာချိန်ကစလို့ ကမ္ဘာဦးလူသားနှင့်မခြား အခုချိန်ထိ စား ဝတ် နေရေးဆိုတဲ့ အထုပ်ကြီးသုံးထုပ် ခေါင်းပေါ်ရွက်ရင်းနဲ့ပဲ သူလိုကိုယ်လိုအိုမင်း၊ သူငယ်ချင်းတွေ၊ အဖေ၊ အမေ၊ ဘိုးဘွားတွေ ထွက်သွားရတဲ့ လမ်းကြောင်းတစ်လျှောက် တစ်ရွေ့ရွေ့နဲ့လိုက်ရင်း စခန်းပျောက် ပြီးဆုံး နိဂုံးသတ်ရုံပဲလား။ ကမ္ဘာကြီးကို ကယ်တင်နိုင်မယ့်သူ၊ ကမ္ဘာကြီးရဲ့အနာတရတွေကို ဆေးထည့်ပေးမယ့်သူ၊ ကမ္ဘာကြီးကို ဖေးမပေးမယ့်သူတွေကို ကမ္ဘာကြီးက အလွန်အမင်း လိုအပ်နေတဲ့ အချိန်ရောက်နေပါပြီ။ ဆည်တွေဆောက်တဲ့လက်တွေများလာတော့ ငလျှင်တွေလှုပ်၊ ဂေဟစနစ်တွေပျက်သုန်း၊ ဘဝများစွာ ငရုန်းသုန်းကားဖြစ်ခဲ့ရတယ်။ စွမ်းအင်လိုအပ်ချက်ဆိုတဲ့ ခေါင်းစဉ်အောက်က မီးခိုးခေါင်းတိုင်တွေ တလူလူအလွင့်မှာ မြေကမ္ဘာရဲ့ ယားနာတွေ ဘယ်လောက်တောင်ထူရင့်များပြားလာခဲ့သလဲ။ သစ်တစ်ပင်နဲ့ထိုင်ခုံတစ်လုံးရဲ့ တန်ဖိုးခြားနားမှုကို မသိရှာတဲ့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းတွေရဲ့ အနန္တလောဘနဲ့ပဲ ကျွန်တော်တို့ အနာဂတ်တွေကို ကြက်ခြေခတ်မိခဲ့ကြတာပါ။
သဘာဝတရားရဲ့ လင်ဆိုးမယားတဖားဖားကန်ချက်တွေကို တစ်လုံးပြီးတစ်လုံး ကာကွယ်နေရရှာတဲ့ ခုလိုကမ္ဘာကြီးရဲ့အရေးပေါ် အခြေအနေရောက်နေတဲ့အချိန် ကျွန်တော်တို့ဆီမှာ အရှေ့တောင်အာရှ အကြီးဆုံးစာရင်းဝင်မည့် (မိုင်းတုံ) ရေအားလျှပ်စစ်စီမံကိန်းတစ်ခု လာဆောက်နေတယ်ဆိုတဲ့ သတင်းကိုတွေ့လိုက်ရတော့ ဧရာဝတီက သွေး မတိတ်သေးဘူး။ နောက်ထပ် သံလွင်ပေါ်ကန့်လန့်ဖြတ် လာစိုက်တဲ့ ဒီဒဏ်ရာတွေကို ဘယ်လိုကုရမလဲ စိုးရိမ်စိတ်တွေနဲ့ အတွေးချာချာလည်မိပါတယ်။ သူများတွေဆီမှာ ဒီလိုကြီးမားတဲ့ဆည်တွေ ဆောက်လို့ရလာတဲ့ ဆိုးကျိုးတွေကို မထိန်းနိုင်မသိမ်းနိုင်ဖြစ်နေချိန်မှာ ဒီမှာလာပြီး မုန်တိုင်းတစ်ခုအစပျိုးဖို့ ခွင့်ပြုနေတာကိုက ကျွန်တော်တို့ပြည်ထောင်စုအစိုးရ လူကြီးမင်းတွေရဲ့ ရွှေညဏ်တော်စူးရောက်မှုကို သြချစရာပါပဲ။ ၂၀၁၀ ခုနှစ်ကတည်းက MOU နားလည်မှုစာချွန်လွှာရေးထိုးခဲ့တယ်ဆိုတော့ ဒီ ၄ နှစ်အတွင်းမှာ ဘယ်လောက်ခရီးရောက်၊ ခရီးလွန်နေပြီလဲ။ တစ်ဖက်နဲ့တစ်ဖက် အခြေအနေတွေအားလုံး အကျိုးကျေးဇူး ရပိုင်ခွင့်တွေ၊ ခံစားခွင့်တွေ သဘောတူပြီးမှ လတ်မှတ်ရေးထိုးရတာဆိုတော့ အခုလို အခြေအနေရောက်မှ ပြည်သူက သိခွင့်ရတာ ကာကွယ်မှုတွေ ပြုလုပ်ဖို့နောက်ကျနေပြီလို့တောင် ပြောရမှာဖြစ်ပါတယ်။
ဒီမြေဟာတို့မြေ၊ တို့ပိုင်တဲ့မြေ ဆိုတဲ့သီချင်းဟာ သူတို့အတွက်ပဲ ရေးစပ်ခဲ့တယ်လို့ထင်နေတဲ့ လူတစ်စုကတော့ ဒီမြေကို ဟိုနေရာစိတ်၊ ဒီနေရာပိုင်း၊ စိတ်တိုင်းကျ ခွဲခြမ်းလို့ဖရဲသီးဗမ်းထဲထည့်ပြီးရောင်းချ (အဲလေ) စီမံကိန်းမျိုးစုံနဲ့လုပ်ချလိုက်ကြတာ တစ်နိုင်ငံလုံးမှာရှိတဲ့ မြေပေါ်မြေအောက သံယံဇာတ၊ ရေပေါ်ရေအောက် သယံဇာတ တွေဟာ ကမ္ဘာပေါ်မှာ မပေါက်တဲ့ဈေးတွေ၊ အောက်ဈေးတွေနဲ့ လုံးပါးပါးခဲ့ရပြီ။ ပြည်သူကတော့ ဘာတွေ အကျိုးခံစားလိုက်ရလဲဆိုတာ တွေးကြည့်စရာ မလိုပါဘူး။ GDP တက် မလာတဲ့အပြင် တိုင်းပြည်မှာပြည်ပကြွေ့းမြီ ဒေါ်လာ (၉) ဘီလျှံ တင်ကျန်ခဲ့ရတာက သူတို့လုပ်ရပ်တွေ၊ စီမံကိန်းတွေ အောင်မြင်လား မအောင်မြင်ဘူးလားဆိုတာ ပြနေတာပါပဲ။ အခု ဒီမိုင်းတုံအရေးလည်း တိုင်းတုန်အောင်ကျွန်တော်တို့ပြည်သူတွေက ဧရာဝတီကိုကာကွယ်သလို အားလုံး ညီညီညွတ်ညွတ်နှင့် ဝိုင်းဝန်းကာကွယ်ရပါလိမ့်အုံးမည်။
တိုင်းပြည်အုပ်ချုပ်တဲ့ အစိုးရမင်းတွေဆိုတာ ပြည်သူအတွက်အမြဲ ပေးဆပ်နေရမှာပါ။ တိုင်းပြည်ရဲ့ ဘယ်ထောင့်မှာ မှောင်နေသလဲ အလင်းဆောင်ရပါမယ်။ ဘယ်နေရာမှ ကွက်လပ်ဖြစ်နေသလဲ ဖြည့်စည်းထောက်ပံ့ပေးရပါမယ်။ ဘယ်အခန်းကဏ္ဍမှာ ပေါ့လျော့ ပေါ့ဆမှုတွေဖြစ်နေသလဲ ထိမ်းကျောင်းတည့်မတ်ပေးရပါမယ်။ အခုတော့ အူမတောင့်မှ သီလတောင့်မယ် ဆိုတဲ့စကားပုံကို ခြုံခိုရင်း အူမတွေတောင့်အောင်လုပ်လိုက်ကြတာ စာရင်းဇယား ကွာဟမှုတွေ၊ ငွေကြေးအရှုပ်တော်ပုံတွေ၊ သိန်းပေါင်း များစွာကွာဟမှုတွေဟာ အရပ်ရပ်နေပြည်တော် ကြားလို့မတော် ရှေ့ကဖုံး နောက်ကပေါ် ဖြစ်ခဲ့ပါပေါ့လား။ တာဝန်ခံမှုနှင့် တာဝန်ယူမှုဆိုတာကတော့ နိုင်ငံတော်အစိုးရရဲ့ အဘိဓာန်မှာ မရှိတဲ့စကားလုံး ဖြစ်ဟန်တူပါတယ်။ သမိုင်းစဉ်ဆက် မီးပျက် မီးမလာဖြစ်ခဲ့ရတာ ဘယ်တာဝန်ရှိသူကမှ တာဝန်ခံပြီး ရာထူးမှနှုတ်ထွက်ပါ၏ ဆိုတာမရှိခဲ့ပါဘူးဗျ။
ဓာတ်ကြိုးတွေပျက်ကြလို့ အသက်ဆုံးရှုံးကြရတာတွေ ရှိခဲ့ပြီဆိုတာတောင်မှ အခုချိန်ထိ မျက်နှာပြောင်တိုက်နေဆဲ၊ သိက္ခာဆယ်တဲ့အနေနဲ့ “ငါ့တာဝန် မကင်းဘူး၊ ဒါကြောင့် တာဝန်ခံတဲ့အနေနဲ့ ငါနုတ်ထွက်တယ်ကွာ” ဆိုတာ မရှိသေးဘူး။ ရှေ့ကဖြောင့်ဖြောင့်လျှောက်ပြခဲ့တဲ့ အစဉ်အလာ မရှိခဲ့တော့လည်း နောက် ကဖြောင့်ဖြောင့်လျှောက်တဲ့ သူမရှိတာ မဆန်းပါဘူး။
လွှတ်တော်ထဲလည်း ကြည့်ပါဦး။ တစ်တိုင်းပြည်လုံးက အလေးအနက်ထားတဲ့ အာဇာနည်ကျေးဇူးရှင် ဗိုလ်ချုပ်ပုံပါတဲ့ ငွေစက္ကူတွေ ပြန်လည်ထုတ်ဝေမဲ့ကိစ္စ လွှတ်တော်ထဲမှာ တစ်ညီတစ်ညွတ်တည်း ပယ်ချခံရတဲ့ အဆိုဖြစ်ခဲ့တယ်။ အတိတ်ရဲ့အရိပ်ဆိုလျှင် တစ်ခွန်းတစ်စတောင်မှ မလှစ်ဟချင်တဲ့သဘောကို သရုပ်ဖော်ခဲ့ကြတာပါ။ ပိုင်ဆိုင်မှုဖော်ပြဖို့ အဆိုတင်သွင်းတော့လည်း အားလုံးညီညီညာညာ ကန့်ကွက်လိုက်ကြတာ ဒီလိုနေရာမှာတော့ လုံးဝကိုသဘောထား မကွဲလွဲကြဘူး။ ဒီနှစ်ခုတည်းနဲ့တင် လွှတ်တော်အမတ်တွေရဲ့ လုပ်ရည်ကိုင်ရည်နဲ့ အတွင်း အဇ္ဇျတ္တျကို သိမြင်လိုက်ရတာ ကြံဖန်တွေးရင် ပြည်သူတော့ အမြတ်ရလိုက်ပါတယ်။ နောက် တစ်ခေါက်ရွေးချယ်စရာကြုံလာတဲ့ အခါ ဘယ်သူ့ကိုယုံရမလဲ နှစ်ခါစဉ်းစားစရာမလိုတော့ဘူးပေါ့။
အမြီးကမကျက်သေးဘူး။ ခေါင်းပါစားမယ်ဆိုတဲ့ ဝန်ကြီးတွေ၊ ဌာနဆိုင်ရာအမှုထမ်းတွေရဲ့ အဂတိလိုက်စားမှုတွေ အပေါ်သက်သေခံမယ့် အမာခံတစ်ယောက်တော့ ကျွန်တော်တို့ကောက်ရလိုက်ပါတယ်။ သူကတော့ ပြည်သူ့အချစ်တော် လွှတ်တော်ကိုယ်စားလှယ်ကြီး ဘူးလက်လှဆွေပါပဲ။ ဝန်ကြီးဌာနတစ်ခုရဲ့ ဘွိုင်လာစက်ကြီး တစ်လုံးဝယ်တဲ့ကိစ္စမှာ ပေါက်ဈေးထက်ပိုပြီး ၃ ဆပိုပြီး ဘောက်ချာဖြတ်တယ်ဆိုတဲ့ကိစ္စကို အများသိအောင် ထုတ်ဖော်ပြောကြားလိုက်ခြင်းအားဖြင့် အဂ္ဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အတွက် ခိုင်မာတဲ့ စိတ်ချရသော သက်သေကောင်း တစ်ယောက်ကိုရရှိစေတာပါပဲ။ စောစောစီးစီးပြည်သူပိုင်ပစ္စည်း အလွဲသုံးစားလုပ်ခဲ့တာကို သိသိကြီးနဲ့ ထိန်ချန်မှု လုပ်ရတာကတော့ သူများ ထမင်းအိုး မခွဲချင်တာလည်း ပါမှာပေါ့။ ဒါမှမဟုတ် သူများကို လက်ညိုးတစ်ချောင်းထိုးရင် ကိုယ့်ကိုလေးချောင်းပြန်ထိုးမှာ ကြောက်လို့လည်း ဖြစ်နိုင်ပါသေးတယ်။
တိုင်းပြည်ကနုနု၊ မုန်တိုင်းကထန်ထန်မှာ ဝန်တွေက အသေနှံလို့ ပြည်သူမှာတော့ ခွက်ကြီးပဲကျန်ပါတော့တယ်။ ဒီလို အနာဂတ် ဆိုးကျိုးတွေများပေမယ့် စီမံကိန်းကြီးတွေ တစ်ခုပြီးတစ်ခု သေချာ မစီစစ်ပဲခွင့်ပြုပေးနေတာ၊ ကြိုတင်စီမံကိန်း လက်သိပ်ထိုးဝေမျှစားမှုတွေ၊ မတရားမြေယာသိမ်းမှုတွေကြောင့် လယ်သမားတွေ တောင်သူတွေ ဆန္ဒပြ၊ ကျောင်းသား ကျောင်းသူတွေလည်းဆန္ဒပြ၊ ဆရာ ဆရာမ ကထိကတွေ ဆန္ဒပြ၊ အကျဉ်းသားဟောင်းတွေလည်း ဆန္ဒပြ နဲ့ မြန်မာပြည်မှာ ခေတ်မှသူတိုင်း ဆန္ဒပြကြသည်ဖြစ်နေပါပြီ။ ဒီလိုဆန္ဒပြမှုလေးတွေ တဖြည်းဖြည်းစုပေါင်းမိသွားရင် အလွန်ကြီးမားတဲ့ ဆန္ဒပြပွဲကြီး ဖြစ်သွားနိုင်စရာရှိပါတယ်။ ဒီယုန်မြင်နေလို့ ဒီခြုံထွင်နေတာလားဆိုတာ စဉ်းစားစရာပါ။ ငကြင်းတစ်ကောင်အဝေမတည့်လို့ အလယ်သားဝင်စားရမယ့် အစဉ်အလာရှိသော ကယ်တင်ရှင်ကြီးတွေရဲ့ ရန်ကိုလည်း မျက်ခြေပြတ်လို့ မရပါဘူး။
ဤလူကြီးမင်းများအား အထွေအထူး ဘာမျှမပြောကြားလိုတော့ပါ။ အမြင်ကျယ်ကျယ်နဲ့ ဖြစ်တည်ခွင့်ရနေတဲ့ အခိုက်အတန့်လေး အတွင်း ကိုယ့်အတွက်၊ အများပြည်သူတွေ အတွက်၊ ကမ္ဘာသူကမ္ဘာသား အားလုံး အတွက် ကိုယ့်မှာရှိတဲ့ခွက်ကလေးနဲ့ လက်ကလေးနဲ့နိုင်သမျှတော့ ရေလောင်းပေါင်းသင်း သွားစေချင်ပါတယ်။ ပုပ်ရဟန်းမင်းကြီးလို၊ အေဗရာလင်လင်ကွန်းလို၊ မာတင်လူသားကင်းလို၊ မြန်မာပြည်ကဦးသန့်လို ကမ္ဘာကြီး အတွက် ငါဘာလုပ်ပေးခဲ့တယ်ဆိုတဲ့ သမိုင်းတွေ မရေးထိုးနိုင်ရင်လည်း ရပါတယ်။ ကမ္ဘာကြီးမှာ လောင်မြိုက်နေတယ်ဆိုတဲ့ ဒုက္ခမီးတွေကို မငြိမ်းသက်နိုင်ရင်တောင် သင့်ကြောင့်တော့ဘယ်မီးမှ ထပ်မလောင်နိုင်အောင် တစ်ကိုယ်ရည်အတ္တလေးတွေကိုတော့ ခြံလုံအောင် ခတ်ထားနိုင်ကြပါစေလေ။
ညီသွေး
0 comments:
Note: only a member of this blog may post a comment.