ဒီဇင်ဘာ ၂၃၊ ၂၀၁၆
M-Media
– မိမိတို့နိုင်ငံရဲ့ နျူကလီးယားလက်နက်တွေကို ပိုမိုအားကောင်းအောင် ဆောင်ရွက်သွားမယ်လို့ ရုရှားသမ္မတ ပူတင်နဲ့ လာမယ့်လမှာ အာဏာရယူမယ့် အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်တို့က ပြောကြားလိုက်ပြီး ကမ္ဘာကြီးကတော့ စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။
ပူတင်ဟာ ယမန်နေ့မှာ ပြုလုပ်ခဲ့တဲ့ ကာကွယ်ရေးအကြီးအကဲတွေနဲ့ နှစ်ပတ်လည်တွေ့ဆုံမှုမှာ ဒီလိုပြောကြားလိုက်တာဖြစ်ပြီး ရုရှားစစ်တပ်ဟာ ဘယ်လိုရန်သူမျိုးကိုမဆို ချေမှုန်းနိုင်ပေမယ့် မိမိတို့ရဲ့ နျူကလီးယား လက်နက်ပိုင်ဆိုင်မှုကိုတော့ ပိုမိုအားကောင်းအောင် လုပ်ရမယ်လို့ ပြောကြားလိုက်တာပါ။
၂၀၁၇ ခုနှစ်မှာ အဓိကလုပ်ဆောင်သွားမယ့် ရည်မှန်းချက်ကလည်း နျူကလီးယားလက်နက်ပိုင်ဆိုင်မှုကို တိုးမြှင့်တာ ဖြစ်တယ်လို့လည်း ပူတင်က ဆိုပါတယ်။
“ကျွန်တော်တို့ဟာ မဟာဗျူဟာကျတဲ့ စစ်ဖက်ရေးရာ နျူကလီးယားအင်အားကို ဖွံ့ဖြိုးအောင်လုပ်ဖို့ လိုပါတယ်။ အထူးသဖြင့် လက်ရှိ ရှိနေတဲ့၊ နောက်ထပ်ရှိလာမယ့် ဒုံးခွင်းစနစ်တွေကို သေသေချာချာ ဖောက်ထွက်နိုင်မယ့် ဒုံးပျံတွေပါ”
အမေရိကန်သမ္မတစ် ဒေါ်နယ်ထရမ့်ကလည်း တိုင်းပြည်ရဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်မှုကို ချဲ့ထွင်ပြီး အားကောင်းအောင်ပြုလုပ်သွားမယ်လို့ မနေ့က Twitter စာမျက်နှာမှာ ရေးသားခဲ့ပြီး ကျန်ကမ္ဘာကြီးက နျူလက်နက်နဲ့ပတ်သက်လို့ နားလည်သဘောပေါက်လာတဲ့အချိန်အထိ ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
ထရမ့်ရဲ့ အသွင်ကူးပြောင်းရေးအဖွဲ့ကတော့ တိုင်းပြည်ရဲ့ကာကွယ်နိုင်စွမ်း ထိရောက်နေစေဖို့အတွက် ထရမ့်ဟာ တိုင်းပြည်ရဲ့ နျူလက်နက်တွေကို အဆင့်မြှင့်တင်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အမေရိကန်ဟာ လက်ရှိမှာ နျူထိပ်ဖူး ၇၀၀၀ လောက်ရှိနေပြီး ကမ္ဘာ့အများဆုံးဖြစ်ကာ ရုရှားကတော့ နျူထိပ်ဖူး ရာပေါင်းများစွာနဲ့ ဒုတိယလိုက်နေပါတယ်။
အမေရိကန်ရဲ့ nuclear triad လို့ခေါ်တဲ့ နျူလက်နက်သုံးမျိုး (ရေငုပ်သင်္ဘောမှ ပစ်နိုင်သည့် တိုက်ချင်းပစ် နျူလက်နက်၊ ဗုံးကြဲလေယာဉ်ဖြင့် ကြဲနိုင်သည့် နျူလက်နက်၊ မြေပြင်ပစ် နျူလက်နက်) တွေဟာ လာမယ့် ၁၀ စုနှစ်တစ်ခုအတွင်းမှာ အသက်ဝင်မှု ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် အမေရိကန်အနေနဲ့ နျူလက်နက်တွေကို အဆင့်မြှင့်တင်ဖို့ နှစ်ပေါင်း ၃၀ အတွင်း ကန်ဒေါ်လာ ၁ ထရီလီယံလောက် ကုန်ကျမှာပါ။
၂၀၀၉ ခုနှစ် ချက်နိုင်ငံ ပရေ့ဂ်မြို့မှာ အမေရိကန်သမ္မတ ဘာရက်အိုဘားမားက နျူလက်နက်တွေ လုံးဝ ဖျက်သိမ်းဖို့ ပြောခဲ့တဲ့ စကားနဲ့ဆိုရင်တော့ ထရမ့်ရဲ့ ရည်ရွယ်ချက်ဟာ လုံးဝ ဆန့်ကျင်ဖက် ဖြစ်နေပါတယ်။
ဝါရှင်တန်အခြေစိုက် နျူလက်နက်မပြန့်ပွားရေး တတ်သိပညာရှင်များအဖွဲ့ Stimson Center က နျူကျွမ်းကျင်ပညာရှင် လိုင်စီ ဟီလေးက အသေးစိတ်အချက်အလက်ကို မထုတ်ပြန်ဘဲ ထရမ့်ရဲ့ ဒီလိုပြောကြားမှုဟာ နမော်နမဲ့နိုင်တယ်လို့ ဝေဖန်ခဲ့ပါတယ်။
“ဒီလို တာသွားတဲ့ကြေငြာချက်မျိုးကို ဘာရှင်းပြမှုမှမရှိဘဲ ပြောတာဟာ သိပ်ကို တာဝန်မဲ့ရာကျလွန်းတယ်ရှင့်။ နျူကလီးယားကပ်ဆိုးကြီး တကယ်ဖြစ်လာနိုင်တဲ့ စစ်အေးခတ်အကြောင်းကို ကျွန်မတို့ ပြောနေရမှလား။ ရုရှားရဲ့ ပြောဆိုမှုကလည်း ဒီလမ်းကြောင်းခင်းနေတာမျိုးပါ။ စစ်အေးခေတ်ပြန်ရောက်ဖို့ သိပ်မကြာတော့ဘူး”
ထရမ့်ဟာ ဗုဒ္ဓဟူးနေ့က ပင်တဂွန်အကြီးအကဲတွေနဲ့ တွေ့ခဲ့သလို နိုင်ငံရဲ့အကြီးဆုံး ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းတွေဖြစ်တဲ့ Lockheed Martin Corp၊ Boeing Co တို့နဲ့လည်း တွေ့ခဲ့ပါသေးတယ်။
စိုးရိမ်မှုမြင့်တက်
အမေရိကန်ဟာ ၂၀၁၁ ခုနှစ်က ရုရှားနဲ့ New START ဆိုတဲ့ သဘောတူညီချက်တစ်ခုကို ရရှိထားပြီး၊ အမေရိကန်ရဲ့ မဟာဗျူဟာကျ လက်နက်တွေနဲ့ တပ်ဖြန့်ချထားမှုတွေကို ကန့်သတ်ထားတဲ့ သဘောတူညီချက်ဖြစ်ပါတယ်။
ထရမ့်ရဲ့ မနေ့ကမှတ်ချက်ဟာ ဒီသဘောတူညီချက်ကို ချိုးဖောက်ချင်တာလား၊ ဒါမှမဟုတ် တပ်ဖြန့်မချထားတဲ့ လက်နက်တွေကို ချဲ့ထွင်ချင်နေတာလားဆိုပြီး ကျွမ်းကျင်သူတွေကတော့ မေးခွန်းတွေ ထုတ်ထားပါတယ်။
အမေရိကန်ဟာ နျူကလီးယားလက်နက် မပြန့်ပွားရး စာချုပ်အရ နျူလက်နက်တွကို ပိုင်ဆိုင်ခွင့်ရှိနေတဲ့ ၅ နိုင်ငံထဲက တစ်နိုင်ငံဖြစ်ပြီး ကျန်တဲ့ ၄ နိုင်ငံကတော့ ရုရှား၊ ဗြိတိန်၊ ပြင်သစ်နဲ့ တရုတ်တို့ ဖြစ်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဟွာ ချန်ယင်းက တရုတ်အစိုးရအနေနဲ့ ထရမ့်အစိုးရသစ်ရဲ့ နျူပေါ်လစီကို စောင့်ကြည့်နေပြီး မိမိတို့ကတော့ နျူကလီးယာလက်နက် ဖျက်သိမ်းရေးမူကို စွဲကိုင်ထားတယ်လို့ ဆိုပါတယ်။
“နျူလက်နက်အများဆုံးရှိတဲ့ နိုင်ငံတွေက နောက်ဆုံးမှာ နျူလက်နက်တွေ လုံးဝ ဖျက်သိမ်းရေး၊ နျူလက်နက် သိသိသာသာလျှော့ချရေး ဦးဆောင်ဖို့ အဓိကတာဝန်ရှိပါတယ်”
Ref: Aljazeera, CNA
Related Posts
- ဗီဇာတစ်စောင်ကို ဒေါ်လာ ၆၀၀၀ နဲ့ ရောင်းစားတဲ့ ဂါနာက အမေရိကန်သံရုံးအတု (Dec 6, 2016)
- ပြည်သူမကြိုက်သည့် စီမံကိန်းလုပ်ပိုင်ခွင့်ကို ကန်စစ်တပ် ပြန်ရုပ်သိမ်း (Dec 5, 2016)
- တရားမ၀င်နေထိုင်သူများအား နှင်ထုတ်မည့်အစီအစဉ်ကို ကန်တက္ကသိုလ်များ ဆန့်ကျင်မည် (Dec 4, 2016)
- တစ်နာရီလုပ်ခ ၁၅ ဒေါ်လာရရှိရေး အမေရိကန်ပြည်သူများ အကြီးအကျယ် ဆန္ဒပြ (Nov 30, 2016)
- မဲပြန်ရေလည်း ရလဒ်မပြောင်းဟု ထရမ့်ပြော (Nov 28, 2016)
- ထရမ့်နိုင်ခဲ့သည့် ၀စ်ကွန်ဆင်ပြည်နယ်မှ မဲကို ပြန်ရေမည် (Nov 26, 2016)
- ကန်ရွေးကောက်ပွဲရလဒ်တစ်ချို့ ပြန်ဆန်းစစ်ခံရမှာလား (Nov 24, 2016)
- အမေရိကန်တွင် အမျိုးသားရေးအစွန်းရောက် ခေါင်းထောင်လာမှုကို ဂျာမနီနှင့် အစ္စရေးတို့က အနီးကပ် စောင့်ကြည့် (Nov 24, 2016)
- အမျိုးသားရေးဝါဒနှင့် ထိုဝါဒီများကို ဒေါ်နယ်ထရမ့် ရှုတ်ချ (Nov 23, 2016)
- နေတိုး၏ တပ်ဖြန့်မှုကို ရုရှားက နျူထိပ်ဖူးတပ် ဒုံးစနစ်နှင့် တုန့်ပြန် (Nov 22, 2016)
0 comments:
Note: only a member of this blog may post a comment.