27 May 2016

လောင်းရိပ်အောက်ကထွက်လာသူများ (သို့မဟုတ်) နီပေါနိုင်ငံမွတ်စ်လင်မ်များ

12:09 pm - By Unknown 0

မေ ၂၇၊ ၂၀၁၆
M-Media

npနီပေါနိုင်ငံ၊ နီပါဂွန့်ရှိ အာအိရှဟ် ဘာ့နသ် စာသင်ကျောင်းမှ ကလေးငယ်များ

– ရာစုနှစ်ချီပြီး ခွဲခြားခြင်းနှင့် လျစ်လျူရှုခြင်းခံခဲ့ရသည့် နီပေါနိုင်ငံမွတ်စ်လင်မ်တို့မှာ လင်းဝင်းတောက်ပသည့် အနာဂတ်အတွက် မျှော်လင့်ချက် ရှိလာလေပြီ။

ခတ္တမန္ဒုမြို့၊ ယခင်နန်းတော်ဟောင်း ယခု ပြတိုက်နှင့် ခဲတစ်ပစ်အကွာတွင် ဂျာမေ့ဗလီတစ်လုံးရှိ၏။ ၎င်း၏ ထောင့်တစ်ထောင့်တွင် Begum Hazrat Mahal ၏ ဂူဗိမာန်က လဲလျောင်းနားစက်နေသည်။ ၎င်း၏ တစ်ချိန်က ခမ်းနားထယ်ဝါခြင်းအပိုင်းအစများမှာ တိမ်ကောပြယ်လွင့်စပြုနေသည်။

Mahal မဟာလ်သည် အိန္ဒိယရှိ Awadh မည်သော ပြည်နယ်ကလေး၏ ဘုရင်မဖြစ်၏။ ၁၈၅၇ ဗြိတိသျှတော်လှန်ရေးနှင့် ကြုံဆုံရာတွင် ပုန်ကန်ခြင်းပြိုလဲပြီးနောက် သူမသည် လခ်နောင်မြို့သို့ တိမ်းရှောင်သည်။ ဗြိတိသျှတို့၏ တော်လှန်ရေးကိုဖြိုခွင်းမှု၌ နီပေါဘုရင် Jung Bahadur Thapa က ၀င်ရောက်ကူညီသည်။ မြို့ကိုသိမ်းပြီးသည့်နောက် သူက မဟာလ်အား ခိုလှုံခွင့်ပေးခဲ့သည်။ မဟာလ်၏ ဘက်တော်သားအများအပြားကလည်း သူမနှင့်အတူ နီပေါသို့ လိုက်လာခဲ့ကြကြောင်း ဂျာမေ့ဗလီအတွင်းရေးမှူး M Hussain က ဆိုသည်။

သို့သော် အစ္စလာမ်သာသနာသည် နီပေါနိုင်ငံသို့ ၎င်းမတိုင်မီကပင် ရောက်နှင့်ပြီးဖြစ်သည်။

၁၅ ရာစုနှစ်က ကရှ်မီးယားကုန်သည်များသည် တိဗက်မြို့တော် လာဆားသို့ သွားရာတွင် ခတ္တမန္ဒုကို ပထမဆုံးဖြတ်သန်းရောက်ရှိကြသည်။ ၎င်းတို့အနက် များစွာသောသူတို့က Ratna Malla ဘုရင်အုပ်စိုးချိန်ကာလအတွင်း ခတ္တမန္ဒု(ယခင်အခေါ် – ကန်တီပူးရ်)၊ ဘာ့ခ်တာပူးရ်နှင့် လာလစ်ပူးရ်၌ အခြေချနေထိုင်ခဲ့ကြသည်။

ခတ္တမန္ဒုနန်းတော်မှ ကိုက်တစ်ရာနှစ်ရာအကွာအဝေးတွင် နှစ်ပေါင်း ၅၀၀ သက်တမ်းရှိ ကရှ်မီရီတကီယာ ဗလီဝတ်ကျောင်းက ဤသမိုင်းကို သက်သေပြုနေပါသည်။

“မွတ်စ်လင်မ်တွေဟာ အသံတိတ်လူနည်းစုအဖြစ် ရာစုနှစ်များစွာ နီပေါနိုင်ငံထဲ အေးအေးချမ်းချမ်းသင့်သင့်မြတ်မြတ် နေထိုင်လာခဲ့ကြတယ်။ မော်ဝါဒီတော်လှန်ရေးက သူတို့(မွတ်စ်လင်မ်)တွေရဲ့ နိုင်ငံရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးတွေအတွက် လမ်းခင်းပေးလိုက်ပါတယ်” ဟု Hussain က ဗလီဝတ်ကျောင်းပရ၀ုဏ်ထဲရှိ သူ၏ရုံးခန်းငယ်လေးတွင် ပြောပြသည်။

သို့သော် မော်ဝါဒီတော်လှန်ရေး(၁၉၉၆-၂၀၀၆) ကြောင့် လက်ရှိနှစ်များအတွင်း သူတို့သည် လူ့မြင်ကွင်းသို့ရောက်ရှိကာ နှုတ်ကိုဖွင့်ဟလာစေခဲ့သည်။

မော်ဝါဒီတို့ဦးဆောင်သော ဒီမိုကရေစီနည်းကျ ရွေးချယ်ခံအစိုးရ အာဏာရလာသည့် ၂၀၀၈ ခုနှစ်တွင် သက်ဦးဆံပိုင်ပဒေသရာဇ်စနစ်ကို ဖျက်သိမ်းလိုက်သည်။ ထိုနှစ်မှာပင် မွတ်စ်လင်မ်တို့၏ပွဲတော်ရက်များကို အများပြည်သူအားလပ်ရပ်များအဖြစ် ပထမဆုံး ကြေငြာပေးခဲ့သည်။

npအိန္ဒိယနိုင်ငံ၊ အ၀ါ့ဇ်ပြည်နယ်လေး၏ဘုရင်မ Begam Hazrat Mahal ၏ ဂူဗိမာန်

သေတွင်းမှ လွတ်မြောက်ခြင်း

ခတ္တမန္ဒုမြို့မှ ၅၀၀ ကီလိုမီတာဝေးကွာပြီး အိန္ဒိယနယ်စပ်အနီး Banke ခရိုင်ရှိ မွတ်စ်လင်မ်တို့၏အိမ်များတွင် ကုရ်အာန်စာသားများပါဝင်သော အလံစိမ်းများ လွှင့်ထူထားသည်ကို တွေ့ရ၏။ ၎င်းမှာ တောင်အာရှသား မွတ်စ်လင်မ်အများစုကကျင်းပလေ့ရှိသည့် တမန်တော်မုဟမ္မဒ်ဖွားမြင်တော်မူခြင်း အထိမ်းအမှတ်ပွဲတော် ကျင်းပနေခြင်းဖြစ်သည်။

ယင်းသို့ လူထုအခင်းအကျင်းတို့မှာ နီပေါနိုင်ငံ၏ လူနည်းစုဝင်များ၊ တိုင်းရင်းအုပ်စုများ၏ ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာအခွင့်အရေးများအပေါ် အစိုးရသစ်၏ အသိအမှတ်ပြုခြင်းကို ပေါ်လွင်နေစေသည်။

Banke သည် တောင်ပိုင်းလွင်ပြင်၌ တည်ရှိပြီး Tarai (၀ါ) Madhes ဒေသအဖြစ် လူသိများသည်။ မွတ်စ်လင်မ်လူဦးရေပမာဏအားလုံး၏ ၉၅ ရာခိုင်နှုန်းက ထိုဒေသတွင် မှီတင်းနေထိုင်လျက်ရှိကြသည်။ အများစုမှာ ဆင်းရဲနွမ်းပါး၍ အိမ်ပိုင်မြေပိုင် မရှိကြချေ။ သူတို့သည် Madhesi နယ်သားများပင်ဖြစ်သော်လည်း နိုင်ငံရေးကိုယ်စားပြုခွင့်မရှိကြ၊ အလုပ်အကိုင်လောကတွင်လည်း Madhesi နယ်သားတို့၏ ကျယ်ပြန့်စွာ ခွဲခြားဆက်ဆံမှုကို ခံနေကြရသည်။ စီးပွားရေးနယ်ပယ်ထဲ တံတားခင်းနိုင်သူ လက်တစ်ဆုပ်စာမျှသာရှိ၏။ ၎င်းတို့အနက်အပါအ၀င်တစ်ဦးဖြစ်သော အလမ်းခန်း(၂၈ နှစ်)သည် Banke ရှိ Nepalgunj နယ်သားဖြစ်ပြီး၊ Madhes ဒေသအတွင်း တရားလက်လွှတ်သတ်ဖြတ်မှု၊ ညှင်းပန်းနှိပ်စက်မှု၊ မတရားဖမ်းဆီးမှုများအပေါ် ဆန့်ကျင်လှုပ်ရှားမှုများကို ဆောင်ရွက်နေသော THRD Alliance – NGO ၌ တာဝန်ထမ်းဆောင်နေသည်။

၂၀၀၇ ခုနှစ် Madhesis နယ်သားတို့မှ ခွဲခြားဆက်ဆံမှုအပေါ် ဆန္ဒပြမှုစတင်ချိန်တွင် ၁၇ ရက်ကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော ခန်းက Rani Talau ဒေသရှိ

npနီပေါနိုင်ငံမြို့တော် ခတ္တမန္ဒုမှ ဂျာမေ့ဗလီဝတ်ကျောင်းတော်

သူ၏ရုံးခန်းငယ်လေးတွင် “ဂုဏ်သိက္ခနဲ့ရှင်သန်ခွင့် နဲ့ လူ့အခွင့်အရေးကို လူတိုင်း ရရှိဖို့ လိုပါတယ်” ဟု ပြောကြားသည်။

Madhesis တို့သည် နယ်စပ်တစ်ဖက်မှ အိမ်နီးချင်းအိန္ဒိယသားတို့နှင့် ယဉ်ကျေးမှုအရ နီးစပ်မှုရှိကြသည်။ တောင်တန်းဒေသများရှိ အထက်တန်းလွှာ နီပေါလူမျိုးတို့သည် တိုင်းပြည်၏စီးပွားရေးနှင့် နိုင်ငံရေးကို လက်ဝါးကြီးအုပ်နေခဲ့ကြောင်း ၎င်းတို့က ဆိုကြသည်။

THRD Alliance ၌ အလုပ်မ၀င်မီ ခန်းသည် စာနယ်ဇင်းသမားတစ်ဦးဖြစ်ခဲ့သည်။
“မြေအောက်လှုပ်ရှားသူ Madhesi ခေါင်းဆောင်တစ်ဦးနဲ့ အင်တာဗျူးခဲ့တဲ့အတွက် ကျွန်တော့်ကို လူသတ်မှုနဲ့ ဆူပူထကြွအောင်လှုံ့ဆော်မှုနဲ့ ဖမ်းဆီးခဲ့တယ်။ ဒါပေမယ့် သူတို့ ဘာမှ သက်သေမပြနိုင်ခဲ့ဘူး။ ဒါဟာ ကျွန်တော့်အနေနဲ့ သေတွင်းကလွတ်မြောက်သွားခြင်းပါပဲ”။

ယခုအခါ သူသည် တရားလက်လွတ်သတ်ဖြတ်ခြင်း၊ ဥပဒေမဲ့ထိန်းသိမ်းခြင်းတို့ကို မှတ်တမ်းပြုစုရန် နီပေါတခွင် ခရီးနှင်လျက်ရှိသည်။ သူ့မိသားစုနှင့်မတူကွဲပြားစွာ မွတ်စ်လင်မ်မဟုတ်သော မာဂါတိုင်းရင်းသူတစ်ဦးကို ထိမ်းမြားထားသည်။

“ကျွန်တော် ရဲစခန်းမှာ ထိန်းသိမ်းခံရစဉ်က ကျွန်တော့်ကို သူမ ရပ်တည်ပေးခဲ့တယ်။ အဲ့ဒီမှာ သူမကို လက်ထပ်ဖို့ ဆုံးဖြတ်လိုက်တာပါပဲ”။

မိမိ၏မိသားစုလည်း ထိုစဉ်ကတည်းက မိမိ၏ဇနီးအဖြစ် လက်ခံလိုက်ကြောင်း၊ သူမသည် ယခုအခါ သူနာပြုတစ်ဦးဖြစ်ရန် သင်ယူလေ့လာနေကြောင်း ခန်းက ပြောပြသည်။

 

npခတ္တမန္ဒု ရှိ ကက်ရှ်မီရီ တာကီယာ ဗလီဝတ်ကျောင်းတော်တွင် မွတ်စလင်များ ၀တ်ပြုနေပုံ

၂၀၀၈ ခုနှစ်တွင် မွတ်စ်လင်မ်ပွဲတော်များကို အများပြည်သူအားလပ်ရပ်များအဖြစ် ကြေငြာခဲ့သည် (ဓာတ်ပုံ – Prabhat R Jha/Al Jazeera)

ပညာရေးအခွင့်အလမ်း ဆုံးရှုံးနေဆဲ

ဘာသာကွဲထိမ်းမြားမှုများ မရှိသလောက်ရှားပါးလှသည့် နိုင်ငံအတွင်း ခန်းသည် လူ့အသိုင်းအ၀ိုင်းစံနှုန်းများကို ချိုးဖျက်လိုက်ပြီး ရှေ့ဆက်ရင်ဆိုင်ရန် အားမွေးထားသည်။

နိပေါနိုင်ငံ၏ အကြောင်းမလှဆုံးအုပ်စုများတွင် မွတ်စ်လင်မ်အမျိုးသားအမျိုးသမီးများ ပါဝင်နေကြသည်။

မွတ်စ်လင်မ်အမျိုးသမီးများအနက် ၂၆ ရာခိုင်နှုန်းသာ စာပေတတ်မြောက်ကြသည်။ နိုင်ငံ့အမျိုးသမီးများ၏ ပျမ်းမျှဦးရေ ၅၅ ရာခိုင်နှုန်းမှာ စာပေတတ်မြောက်ကြသော်လည်း အလယ်တန်းကျောင်းအဆင့်အထိ တက်ရောက်ဖူးသူ မွတ်စ်လင်မ်မိန်းကလေး ၁၂ ရာခိုင်နှုန်းမျှသာ ရှိနေ၏။

Nepalgunj ဂျာမေ့ဗလီဥက္ကဋ္ဌဟောင်း အဗ်ဒုရ်ရဟ်မာန်း (၅၂ နှစ်)က လူထုစာသင်ကျောင်းစနစ်နှင့် အစ္စလာမ့်တန်ဖိုးတရားအချို့အကြား ရင်ဘောင်တန်းမရနိုင်သည့်အမြင်တစ်ရပ်ကို သိမ့်မွေ့ချိုသာစွာ ပြောပြပါသည်။

“ပူရ်ဒဟ်(ဟိဂျာ့ဗ် သို့မဟုတ် နိကာ့ဗ်) ဆင်ယင်ထားတဲ့ မွတ်စ်လင်မ်မိန်းကလေးတွေအပေါ် စူးစမ်းမှုတွေ ရှိကြတယ်။ သူတို့ကို လူမျိုးခြားတွေလို ကြည့်ရှုဆက်ဆံခံရတယ်။ ဒါဟာ စိတ်ပိုင်းဆိုင်ရာနှိပ်စက်ခြင်းတစ်မျိုးပါပဲ။ အစိုးရအနေနဲ့ မွတ်စ်လင်မ်တွေရဲ့ပညာရေးနဲ့ပတ်သက်ပြီး (ပညာသင်ဆု ဒါမှမဟုတ် ငွေကြေးအကူအညီ) အထူးအစီအစဉ်တစ်ရပ်ဖြစ်စေ၊ အစ္စလာမ့်တန်ဖိုးတရားနဲ့အညီ ကျွန်တော်တို့ရဲ့ကလေးတွေကို လွတ်လပ်စွာ ပညာသင်ကြားခွင့်ဖြစ်စေ ဆောင်ရွက်ပေးသင့်တယ်”။

၂၀၁၁ ခုနှစ် သန်းခေါင်စာရင်းအရ ဘွဲ့ရနှင့် ဘွဲ့လွန် မွတ်စ်လင်မ်ဦးရေမှာ ၅၀၀၀ ပင် မပြည့်ခဲ့။

np၀၁၁ ခုနှစ် သန်းခေါင်စာရင်းအရ ဘွဲ့ရနှင့် ဘွဲ့လွန် မွတ်စ်လင်မ်ဦးရေမှာ ၅၀၀၀ ပင် မပြည့်ခဲ့။

တော်လှန်ရေးအလွန် ဒီမိုကရက်တစ်အာဏာပိုင်များက လူ့အဖွဲ့အစည်းအရေးအရာများကို အသိအမှတ်ပြုခဲ့သည်။ မဒ်ရဆာ ဘာသာရေးစာသင်ကျောင်းငယ်များကို မွတ်စ်လင်မ်များအကြား ပညာရေးတိုးတက်မြင့်မားလာနိုင်ရေးကဏ္ဍတစ်ရပ်အဖြစ် သတ်မှတ်ပေးခဲ့သည်။

မဒ်ရဆာ ဘုတ်အဖွဲ့ကို ၂၀၀၇ ခုနှစ်တွင် ပထမဆုံးအကြိမ်ဖွဲ့စည်းပြီး နိုင်ငံတွင်းမွတ်စ်လင်မ်အများအပြား အသုံးပြုနေသော အူရဒူဘာသာစကားဖြင့် သင်ကြားနိုင်အောင် သင်ရိုးများကို စီစဉ်ပေးသည်။

အခြားတိုင်းရင်းအုပ်စုများအသုံးပြုနေကြသည့် မာဂါ နှင့် တမန်း ဘာသာစကားများကိုလည်း အသိအမှတ်ပြုခဲ့သည်။ ၎င်းမှာ ပဒေသရာဇ်ခေတ်ကာလအတွင်း နီပါလီဘာသာစကားကိုသာ ဦးစားပေးခဲ့ခြင်းနှင့် ပြတ်ပြန်သားသား ကွဲပြားခြားနားချက်ပင်ဖြစ်သည်။

မဒ်ရဆာကျောင်းများသည် တရားဝင်မှတ်ပုံတင်ပြီး သိပ္ပံ၊ သင်္ချာ၊ အင်္ဂလိပ်နှင့် နီပါလီ(နီပေါဘာသာစကား)ဘာသာရပ်များကိုပါ သင်ကြားပေးမည်ဆိုပါက ဘဏ္ဍာရေးထောက်ပံ့မှုပေးမည်ဟု အစိုးရက ကတိက၀တ်ပြုခဲ့သည်။

သို့သော် ယင်းမူဝါဒကြေငြာပြီး ၁၀ နှစ်ခန့်အကြာတွင် မဒ်ရဆာကျောင်း ၂၀၀၀ အနက်တစ်ဝက်ကျော်မှာတရားဝင်မှတ်ပုံတင်ပြီးသော်လည်း လုံလောက်သည့်အကူအညီမရကြောင်း စောဒတက်ဝင်လာကြသည်။

အင်္ဂလိပ်စာပေနှင့်တွဲ၍သင်ကြားပေးနေသော အာအိရှဟ်ဘာ့နသ် မိန်းကလေးကျောင်း၏ဦးစီး Badre Alam Khan က အစိုးရအထောက်အပံ့ လုံလောက်စွာ မရရှိကြောင်း ဆိုသည်။ ယင်းမဒ်ရဆာသည် ၂၀၀၆ ခုနှစ်တွင် ကျောင်းသူ ၆ ဦးနှင့် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအခါ မိန်းကလေးပေါင်း ၄၀၆ ဥိးကို သင်ကြားပေးနေသည်။ အခြေခံလိုအပ်ချက်များ၊ စာသင်ဆရာများ ပြည့်စုံလုံလောက်မှု မရှိတော့သဖြင့် ကျောင်းသူများကို ထပ်မံလက်ခံသင်ကြားပေး၍ မရနိုင်တော့ကြောင်း ရှင်းပြသည်။

“ဒီမဒ်ရဆာကျောင်းကို စဖွင့်ကတည်းက မိန်းကလေးတွေက ပူရ်ဒဟ် ဆင်ယင်ခွင့်ပြုခဲ့ပါတယ်။ ခေတ်ပညာရေးနဲ့ အစ္စလာမ့်ပညာရေးကို မျှတအောင် ကျွန်တော်တို့ သင်ကြားပေးနေပါတယ်” ဟု ကျောင်းအုပ်ဖြစ်သူ Talat Parveen က ဆိုသည်။ Talat Parveen (၂၈ နှစ်)သည် အိန္ဒိယနိုင်ငံ ဂိုရာ့ပူးရ်မြို့သူဖြစ်ပြီး သူမ၏ခင်ပွန်းမှာ နီပေါမှဖြစ်သည်။ အဆင့်မြင့်ပညာရေးကိုရရှိလာပါက နိုင်ငံတွင်း မွတ်စ်လင်မ်အများအပြားမှာ ဆင်းရဲတွင်းမှ လွတ်မြောက်လာနိုင်ကြောင်း သူမ ယုံကြည်ထားသည်။

“အဆင့်မီပညာရေးကိုသင်ကြားပေးနိုင်တဲ့ ကောလိပ်နဲ့ စာသင်ကျောင်းတွေ ပိုမိုများပြားလာဖို့ လိုအပ်နေပါတယ်။ ပူရ်ဒဟ်က ရှင်တို့(အခြားသူများ)ကို ဘာမှမထိခိုက်စေပါဘူး။ ကျွန်မ အင်္ဂလိပ်စာမဟာဘွဲ့ ရရှိထားသူပါ။ ဒီနိကာ့ဗ်က ဒီဘွဲ့အတွက် ဘာအတားအဆီးမှ မဖြစ်ခဲ့ပါဘူး”။

ပညာရေး၊ ကျောင်းဆောင် အခမဲ့စနစ်နှင့် ပညာသင်ဆုများကဲ့သို့ အထူးအစီအမံများ ဆောင်ရွက်ပေးမည်ဆိုလျှင် မွတ်စ်လင်မ်တို့အား ဆင်းရဲတွင်းမှ ဆွဲထုတ်နိုင်လိမ့်မည်ဟု အသက် ၃၆ နှစ်အရွယ် လူမှုဝန်ထမ်းဖြစ်သူ အဗ်ဒုလ်ကာရီက ယုံကြည်ထား၏။ သို့သော် “ဒါတွေကို ဘာမှလုပ်မထားပေးဘူးဗျ” ဟု သူက ဆိုပါသည်။

npNepalgunj ရှိ မဒ်ရဆာကျောင်း စာသင်ခန်းတစ်ခု

တောက်ပလာမည့် အနာဂတ်

နိုင်ငံလူဦးရေ သန်း ၃၀ အနက် ၅ ရာခိုင်နှုန်းခန့်ရှိသော မွတ်စ်လင်မ်တို့သည် သီးခြားဆန်သည့်အုပ်စုအဖြစ် လူ့အဖွဲ့အစည်းခေါင်းဆောင်များက အမြင်ရှိနေကြသည်။

“Madhes နယ်မှာ နေထိုင်နေကြပေမယ့် မွတ်စ်လင်မ်တွေဟာ အခြားအုပ်စုတွေနဲ့ မတူကွဲပြားမှု ရှိကြပါတယ်။ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဝိသေသအနေနဲ့ကလည်း ယဉ်ကျေးမှု၊ ဘာသာစကား၊ စီးပွားရေးဆောင်ရွက်ပုံတွေအပေါ် မူတည်ပြီး ကွဲပြားစရာတွေ ဖြစ်နေပါတယ်” ဟု Unified Communist Party of Nepal မှ ဒေသခံမော်ဝါဒီခေါင်းဆောင် Hussain Faruqi က ဆိုသည်။

၂၀၁၅ ခုနှစ်တွင် သက်ဝင်လှုပ်ရှားလာသည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသစ်၌ ပထမဆုံးအနေဖြင့် မွတ်စ်လင်မ်တို့အား ဒုတိယတန်းစားအုပ်စုဝင်များစာရင်းအတွင်း ထည့်သွင်းပေးထား၏။ ၎င်းအပြင် ပြည်သူ့ဝန်ထမ်းအရေအတွက် ၁ ရာခိုင်နှုန်းမျှသာရှိနေသော မွတ်စ်လင်မ်တို့အတွက် အလုပ်အကိုင်ဝေစုတစ်ရပ်ပေးရန် လျာထားခဲ့၏။

အနာဂတ်နှင့်ပတ်သက်ပြီး အကောင်းမြင်ကြသူ မွတ်စ်လင်မ် အမြောက်အများ ရှိနေကြပါသည်။ နီပေါနိုင်ငံရှိ အခြားမြို့များထက် မွတ်စ်လင်မ်ဦးရေများပြားသည့် Nepalgunj ၌ မွတ်စ်လင်မ်လူနည်းစုသီးသန့်ပိုင် ရေဒီယိုအသံလွှင့်ဋ္ဌာန၊ စာသင်ကျောင်းများ၊ စေတနာ့ဒါနအဖွဲ့အစည်းများကို ဂုဏ်ယူစဖွယ် တွေ့ကြရသည်။

နီပေါမွတ်စ်လင်မ်တို့၏အလားအလာနှင့်ပတ်သက်၍ လက်ရှိအစိုးရ၏ညွှန့်ပေါင်းအဖွဲ့နိုင်ငံရေးပါတီဝင်ဖြစ်သော Faruqi မှ အကောင်းဆုံးကို မျှော်လင့်ထားပေသည်။

“အီးဒ်နေ့တွေကို အားလပ်ရက်အဖြစ် ကြေငြာထားပြီးပြီ၊ မွတ်စ်လင်မ်ကော်မရှင်နဲ့ မဒ်ရဆာဘုတ်အဖွဲ့ကိုလည်း ဖွဲ့စည်းထားပြီ။ နီပေါက မွတ်စ်လင်မ်တွေအတွက် အခွင့်အရေးပိုမိုရရှိအောင် ကျွန်တော်တို့ပါတီက ဆက်လက် တိုက်ပွဲဝင်သွားဦးမှာပါ”။

npနီပေါနိုင်ငံတောင်ပိုင်း Nepalgunj မြို့တွင် စက်ဘီးစီးနင်းနေကြသော မွတ်စ်လင်မ်စုံတွဲအား တွေ့ရစဉ်

 

(Ref : The Muslims of Nepal: Coming out of the shadows By Saif Khalid; Al Jazeera)
(ဘာသာပြန် – မင်းထွဋ်ခေါင်)

M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင် လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။
စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။
M-Media ကို အကူအညီပေးလိုလျင် editor@m-mediagroup.com သို့ ဆက်သွယ်နိုင်ပါသည်။
M-Media is an independent, non-profit news channel led by a group of Myanmar Youths. We values media ethics and people’s loyalty.
Follow me @M-Media

0 comments:

Note: only a member of this blog may post a comment.

Text Widget

Blogroll

Discussion

Powered by Blogger.
back to top