4 August 2016

ဒေါ်အောင်ဆန်းစုကြည်အား IS အဖွဲ့ ခြိမ်းခြောက်မှု အပေါ် မြန်မာမွတ်စလင်မ် လူအဖွဲ့အစည်းမှ တုံပြန်မှုများ

12:14 am - By Unknown 0

သြဂုတ် ၃ ၊ ၂၀၁၆
M-Media
သတင်း-မိုးစက်/သီဟIS
မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက် အပါအ၀င် ထိပ်တန်းပုဂ္ဂိုလ် ကိုးဦးအား ပစ်မှတ်ထား တိုက်ခိုက်မည်ဟု ခြိမ်းခြောက်သည့် စာတစ်စောင်ကို အိုင်အက်စ်တို့က နီဂရီဆမ်ဘီလန်ပြည်နယ် ရဲစခန်းသို့ သြဂုတ် ၁ ရက်က ပေးပို့ခဲ့ပြီး ယင်းကိုးဦး စာရင်းတွင် မြန်မာနိုင်ငံမှ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပါဝင်နေခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်အား IS အဖွဲ့ ခြိမ်းခြောက်မှု အပေါ် မြန်မာမွတ်စလင်မ် လူအဖွဲ့အစည်းမှ တာဝန်ရှိသူ အချို့ကို M-Media မှ ဆက်သွယ်မေးမြန်းခဲ့ပါသည်။

အလ်ဟာဂ်ျ မော်လာနာ ဟာဖိဇ် မုဟမ္မဒ်ဆွာလေ့ဟ်(ခ) ဦးစိုးသန်း  (ဥက္ကဌ- အိုလမာအစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ ချုပ်)
————————————-
အိုင်အက်စ် အဖွဲ့ရဲ့ လုပ်ရပ်တွေကို နဂို ကတည်းက လက်မခံ ခဲ့သလို အားလည်းမပေးခဲ့ပါဘူး။  မြန်မာပြည်က မွတ်စလင်မ် လူထု အများစုဟာ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးတဲ့အတွက် ရွေးကောက်ပွဲမှာ မဲပေးခဲ့တယ်။ ဒိတော့ လူထုခေါင်းဆောင် တယောက်ကို ဒီလိုခြိမ်းခြောက်တာ မျိုးကို လက်ခံနိုင်ဖွယ်မ၇ှိပါဘူး။  ဒီ အိုင်အက်စ် အဖွဲ့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဘယ်လိုမှ လက်ခံ နိုင်စရာ မရှိပါဘူး။

အလ်ဟာဂ်ျ ဦးတင်မောင်သန်း (အထွေထွေအတွင်းရေးမှူးချူပ်- အစ္စလာမ်သာသာနာရေးရာကောင်စီ ဌာနချူပ် )
—————————-
ဒါကတော့ လက်ခံလို့ မရဘူးပေါ့။ အကြမ်းဖက်လုပ်ရပ် မှန်သမျှကို ကျွန်တော်တို့က မထောက်ခံဘူး။ ဒါကို ဆန့်ကျင် ရှုတ်ချပါတယ်။  ဘယ်အဖွဲ့အစည်းကပဲလုပ်လုပ်၊ လူပုဂ္ဂိုလ်အနေနဲ့ပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းအနေနဲ့ပဲ ဖြစ်ဖြစ် ဒါကို ဆန့်ကျင်ရှုတ်ချပါတယ်။ လက်မခံပါဘူး။ ကျွန်တော်တို့ရဲ့ မူဝါဒကလည်း အစ္စလာမ်ရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်အပေါ်မှာပဲ  တရားတော်အတိုင်း မားမားမတ်မတ်ရပ်တည်ဖို့၊ ငြိမ်းချမ်းရေးအတွက်ပဲ ဆောင်ရွက်ဖို့ပါ။ ဒါတွေကတော့ အမြဲတမ်း ရှေ့လုပ်ငန်းစဉ်တွေအနေနဲ့  အများပြည်သူကို အသိပေးဖြန့်ချိနေတာတွေတော့ လုပ်နေပါတယ်။
.
အလ်ဟာဂ်ျ ဦးမြင့်ထွန်း (ဥက္ကဌ- မြန်မာမွတ်စလင်လူငယ်များ(ဘာသာရေး)အဖွဲ့ချုပ်)
———————————————-
အစ္စလာမ်မှာတော့ အကြမ်းဖက်ဝါဒဆိုတာ မရှိပါဘူး။ မြန်မာပြည်က အစ္စလာမ်ဘာသာဝင်တွေကလည်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တိုင်းပြည်မှာရှိတဲ့ အခြေအနေတွေပေါ်မှ အကောင်းဆုံး ရပ်တည်ဆောင်ရွက်နေပါတယ်။ ဒီတော့ နိုင်ငံခြားကပဲဖြစ်ဖြစ်၊ ပြည်တွင်း ပြည်ပ ကပဲဖြစ်ဖြစ် အကြမ်းဖက်နဲ့ပတ်သတ်ပြီး လုံးဝ လက်မခံနိုင်ဘူး။ တိုင်းပြည်က ဘယ်လိုလူမျိုးကိုမဆို ဒီအကြမ်းဖက်ဖို့ ကြေငြာတာ မှန်ခဲ့မယ်ဆိုရင် လုံးဝ ကန့်ကွက်တယ်၊ ရှုတ်ချတယ်။ ဒါနဲ့ပတ်သတ်ပြီးတော့ မြန်မာပြည်သားအားလုံးနဲ့ အစ္စလာမ်ဘာသာဝင်တွေကလည်း အတူလက်တွဲပြီး တွန်းလှန်ဖို့ အဆင်သင့်ရှိနေတယ်ဆိုတဲ့အကြောင်း ပြောချင်ပါတယ်။
.
အလ်ဟာဂ်ျ ဦးသိန်းဝင်းအောင် (K.A.F.T.G ဃရာနာ ဦးဆောင်ဆရာတော်)
————————————–
သူတို့ပေးတဲ့ ခြိမ်းခြောက်စာကို ကျွန်တော်တို့ ဂရုမစိုက်ပါဘူး။ တိတိကျကျ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ထိမယ်ဆိုရင် ကျွန်တော်တို့က ရှေ့ကနေ အသက်ပေးပြီး ကာကွယ်မှာပါ။ ဘာလို့လဲ ဒီ IS ဆိုတဲ့ အဖွဲ့က ကျွန်တော်တို့ နိုင်ငံကို ဘာမှတိုးတက်အောင် လုပ်တာမဟုတ်ဘူး။ ဘယ်သူကိုမှလည်း အကျိုးပေးခဲ့တာ မဟုတ်ဘူး။ IS တင်မဟုတ်ဘူး။ ဘယ်သူကပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို အန္တရယ်ပေးဖို့ ရှိလာရင် ကျွန်တော်ရှေ့ကနေ ကာကွယ်မှာပါ။ မြန်မာနိုင်ငံထဲက အကြမ်းဖက်တွေပဲ ဖြစ်ဖြစ်၊ ပြည်တွင်း ပြည်ပကပဲ ဖြစ်ဖြစ် လက်မခံပါဘူး၊ ကာကွယ်ပေးဖို့ အဆင်သင့်ပါပဲ။ ကျွန်တော်က NLD ပါတီဝင်လည်း မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အစ္စလာမ်တွေကို မတရားလုပ်နေတာတွေကို ဒီလက်ရှိအစိုးရသစ်က လျှော့သွားအောင် လုပ်ပေးနိုင်တဲ့အတွက်ကြောင့် ကျွန်တော်က ဘယ်လိုအရာမဆို ကျွန်တော်တို့ ခေါင်းဆောင်ကို ကာကွယ်ပေးမှာပါ။
.
အလ်ဟာဂ်ျ ဦးအေးလွင် (အစ္စလာမ် ဓမ္မဗိမာန် ဦးဆောင်ဆော်သြရေးမှူး)
———————————————–
ခြိမ်းခြောက်မှုတွေ၊ ကောလဟာလတွေကတော့ အများကြီးရှိတယ်ပေါ့နော်။ ဒါပေမယ့် မြန်မာပြည်အနေအထားနဲ့ ကြည့်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို မွတ်စလင်တွေက မဲပေးထားတာပါ။ မွတ်စလင် အမတ်တွေကိုတောင် မဲမပေးဘဲ ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးထားတဲ့အတွက်ကြောင့် အစ္စလာမ်အများစုက ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ မြူမှုန်စိတ်ဖြင့်တောင် ပစ်မှားမှာ မဟုတ်ပါဘူး။ ဒီ ISIS ဆိုတဲ့ လူတွေက သူတို့ဝါဒနည်းနေတော့ သူတို့ဝါဒဖြန့်ချိတဲ့ နည်းစနစ်တစ်ခုပြောင်းလိုက်တယ်။ အဲ့ဒါကဘာလည်းဆိုတော့ သူတို့ ဒီမီဒီယာ အွန်လိုင်းတွေက တစ်ဆင့် အဲ့ဒီလို ခြိမ်းခြောက်မှုတွေ သူတို့ကလုပ်နေတယ်။ သူတို့က အမှန်တကယ် လုပ်နိုင်တဲ့ အင်အား မရှိဘူး။ အဲ့ဒါတွေကို လျစ်လျူရှုဖို့ ပြောတာတော့ မဟုတ်ဘူး။ သတိတော့ ထားရမှာပေါ့နော်။ နောက်အရေးကြီးဆုံး အချက်ပြောချင်တာကတော့ မြန်မာပြည်မှာဒီလို မဖြစ်နိုင်ဘူးဆိုတာကိုတော့ ပြောလို့ရတယ်။ သို့သော် ဆရာအမြဲပြောနေတဲ့အတိုင်းပဲ လူငယ်တွေဟာ  သေမထူး နေမထူးဆိုတဲ့ ဘဝရောက်အောင် အဖိနှိပ်ခံ အခွဲခြားခံရပြီဆိုရင် အနာဂတ်ပျောက်သွားပြီဆိုရင် မသမာသူတွေ အကြမ်းဖက်သမားတွေရဲ့ စည်းရုံးခြင်းကို မခံရဘူးလို့တော့ အတိအကျ အာမခံချက်တော့ ပေးလို့မရဘူး ။  လူငယ်တွေရဲ့ အနာဂတ်ပျောက်နေမှု၊ မတရားအဖိနှိပ်ခံရမှု၊ သူတို့ချစ်တဲ့ သာသနာ၊ သူတို့ချစ်တဲ့ တမန်တော်ကို စော်ကားမယ်။ ဘာမှလည်း တန်ပြန်လုပ်လို့မရ။ အဲ့ဒီလို ဖြစ်နေတဲ့ လူငယ်တွေကို ဒီမသမာသူတွေက မစည်းရုံးပါဘူးလို့၊ စည်းရုံးတဲ့ထဲ ပါမသွားပါဘူးလို့ အာမခံဖို့ ခက်တယ်။
.
ကိုကြည်စိုး (Social Alliance လူမှုမဟာမိတ် အဖွဲ ဦးဆောင်သူ)
——————————–
ခြိမ်းခြောက်မူရော အကြမ်းဖက် လုပ်ဆောင်မူမှန်သမျှကို ရှုတ်ချပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုလုပ်မှ ဟုတ်ပါဘူး ။ဘယ်သူ့ကိုမှလုပ်ခွင့်မရှိပါဘူး။ ပြီးတော့ IS အဖွဲ့က အစ္စလာမ်ကို ကိုယ်စားလည်းမပြုပါဘူး ။

ကိုနိုင်အောင်မင်း (ဒါရိုက်တာ- ရွေးလက်ယာအင်စတီကျူ )
————————————————————
ခြိမ်းခြောက်စာ တစ်စောင်သာဖြစ်ကြောင်းလည်း ပြောချင်ပါတယ်။ မလေးခေါင်းဆောင်ပိုင်းကို ခြိမ်းခြောက်တဲ့ ပစ်စာမှာ ဒေါ်အောင်ဆန်းစုကြည်နာမည်ပါလာတာကလည်း တော်တော်စဉ်းစားစရာပါပဲ။ အိုင်အက်စ် ဆိုတာ ကေတာလ်လို့ ခေါ်တဲ့ သတ်ဖြတ်ခြင်း အကြမ်းဖက်ခြင်းတွေ လုပ်လို့ ကမ္ဘာ့မွတ်စလင်ထုက လက်မခံကြတဲ့အဖွဲ့ဖြစ်သလို မြန်မာမွတ်စလင်တွေထဲမှာလည်း အဖွဲ့အားလုံးက ဆန့်ကျင်ကြပါတယ်။ မြန်မာပြည်မှာမှီတင်းနေထိုင်ကြတဲ့ မွတ်စလင် နဲ့ ဗုဒ္ဓဘာသာတွေကို ပြည်တွင်း အစွန်းရောက် အဖွဲ့ရော ဘယ်ပြည်ပအစွန်းရောက် အဖွဲ့ကမှ သွေးခွဲလို့ မရဘဲ ငြိမ်းချမ်းစွာဆက်လက်နေထိုင်သွားကြမှာပါ။



Related Posts

M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင် လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။
စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။
M-Media ကို အကူအညီပေးလိုလျင် editor@m-mediagroup.com သို့ ဆက်သွယ်နိုင်ပါသည်။
M-Media is an independent, non-profit news channel led by a group of Myanmar Youths. We values media ethics and people’s loyalty.
Follow me @M-Media

0 comments:

Note: only a member of this blog may post a comment.

Text Widget

Blogroll

Discussion

Powered by Blogger.
back to top