16 November 2017

ရခိုင်အရေး ယုံကြည်ရသည့် စုံစမ်းစစ်ဆေးမှုလုပ်ရန် ကန်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

4:42 am - By Unknown 0

နိုဝင်ဘာ ၁၅၊ ၂၀၁၇
M-Media

width=527

– ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် လုံခြုံရေးတပ်ဖွဲတွေက လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေအတွက် ယုံကြည်ရလောက်တဲ့ စုံစမ်းစစ်ဆေးမှုတစ်ခု ဆောင်ရွက်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ် တီလာဆန်က ဆော်သြလိုက်ပါတယ်။

ဒီကနေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ တီလာဆန်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် ဒီလိုပြောကြားလိုက်တာဖြစ်ပါတယ်။

“လတ်တလော ရခိုင်ပြည်နယ်က အကြမ်းဖက်မှုမှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေနဲ့ တားမယ့်ဆီးမယ့်သူမရှိတဲ့ အရပ်သားလက်နက်ကိုင်တွေဟာ ရက်စက်ကြမ်းကြုတ်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေတယ်ဆိုတဲ့ ခိုင်လုံတဲ့သတင်းတွေအတွက် ကျွန်တော်တို့ တော်တော်လေးကို စိုးရိမ်သောက ဖြစ်မိပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ တီလာဆန်က ပြောပါတယ်။

ယုံကြည်စိတ်ချရပြီး ဘက်လိုက်မှုမရှိတဲ့ စုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်ဖို့နဲ့ ကျူးလွန်သူတွေကို အရေးယူဖို့အတွက်လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါတယ်။

“ရခိုင်ပြည်နယ်မှာ ကျူးလွန်မှုတွေရှိတယ်ဆိုတဲ့ လတ်တလော ဆိုးဆိုးဝါးဝါး စွပ်စွဲချက်တွေက ယုံကြည်စိတ်ချရပြီး ဘက်လိုက်မှုကင်းတဲ့ စုံစမ်းစစ်ဆေးမှုတစ်ခုလုပ်ဖို့၊ လူ့အခွင့်အရေး ချိုးဖောက်သူတွေ၊ ကျူးလွန်သူတွေကို အရေးယူဖို့ တောင်းဆိုနေပါတယ်။ ကျွန်တော့်ရဲ့ တွေ့ဆုံမှုတွေမှာ ထိရောက်ပြီး လွတ်လပ်တဲ့၊ အားလုံးကို ခြုံငုံမိတဲ့ စုံစမ်းစစ်ဆေးမှုတစ်ခုကို မြန်မာအရပ်သားအစိုးရက ဦးဆောင်ပြီး၊ စစ်တပ်က အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်”

ရခိုင်ပြည်နယ်က လူ့အဖွဲ့အစည်းအားလုံးကို အန္တရာယ်ကင်းပြီး လုံခြုံနေဖို့အတွက် အရပ်သားအစိုးရကို ကူညီဖို့ဟာ စစ်တပ်ရဲ့တာဝန် ဖြစ်တယ်လို့လည်း တီလာဆန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ရဲ့ Facebook စာမျက်နှာမှာ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ရက်စ်တီလာဆန်ကို မွတ်စလင်တွေ ဘာ့ကြောင့်ထွက်ပြေးသလဲဆိုတဲ့ကိစ္စ၊ အကူအညီပေးရေးမှာ စစ်တပ်က အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ဘင်္ဂလားဒေ့ရှ်နဲ့ သဘောတူထားတဲ့ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် တိုးတက်မှုအခြေအနေ စသဖြင့် ‘ရခိုင်ပြည်နယ်ရဲ့ အခြေအနေအမှန်’ ကို ရှင်းပြခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောက်ဆက်တွဲအခြေအနေများ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ ရခိုင်ပြည်နယ်အတွင်း စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပေမယ့် ဒါကို တုန့်ပြန်ရာမှာ ‘အပြစ်မဲ့အရပ်သားတွေကို ထိခိုက်နိုင်တဲ့ အင်အားအလွန်အကျွံသုံးတာ’ ကို ရှောင်ရှားဖို့ လိုအပ်တယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

လတ်တလောရခိုင်အရေးအတွက် စစ်တပ်ကပြုလုပ်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုအစီရင်ခံစာဟာ အခုတစ်ပတ်အစောပိုင်းမှာ ထွက်ပေါ်လာခဲ့ပြီး လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဒီအစီရင်ခံစာဟာ ‘ဖုံးကွယ်ဖို့ကြိုးစားမှု’ ဖြစ်တယ်လို့ သမုတ်ထားကြပါတယ်။

ရိုဟင်ဂျာတွေရဲ့ ဒုက္ခသုက္ခနဲ့ပတ်သက်ပြီး အမေရိကန်လွှတ်တော်အမတ်တွေဟာ မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ပိတ်ဆို့အရေးယူမှုတွေလုပ်ဖို့ စီစဉ်နေပြီး တီလာဆန်က မြန်မာနိုင်ငံအပေါ် ကျယ်ပြန့်တဲ့ ပိတ်ဆို့အရေးယူမှုမျိုး လုပ်မှာမဟုတ်ဘဲ စစ်ခေါင်းဆောင် တစ်ဦးချင်းစီကိုပဲ ပစ်မှတ်ထားမယ်လို့ ပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်နေတဲ့သူတွေအတွက် ကန်ဒေါ်လာ ၄၇ သန်း ထပ်မံအကူအညီပေးသွားမယ်လို့လည်း တီလာဆန်က ကတိပြုခဲ့ပါတယ်။ ဒါ့ကြောင့် ရခိုင်ကိစ္စအတွက် အမေရိကန်ရဲ့ ထောက်ပံ့ငွေဟာ ၈၇ သန်း ရှိလာမှာ ဖြစ်ပါတယ်။

ဘင်္ဂလာဒေ့ရှ်ဖက်ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ရဲ့ သဘောတူညီချက်အတွက် အားတက်ရတယ်လို့လည်း ကန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

Ref: Reuters



The post ရခိုင်အရေး ယုံကြည်ရသည့် စုံစမ်းစစ်ဆေးမှုလုပ်ရန် ကန်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း appeared first on News @ M-Media.

M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင် လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။
စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။
M-Media ကို အကူအညီပေးလိုလျင် editor@m-mediagroup.com သို့ ဆက်သွယ်နိုင်ပါသည်။
M-Media is an independent, non-profit news channel led by a group of Myanmar Youths. We values media ethics and people’s loyalty.
Follow me @M-Media

0 comments:

Note: only a member of this blog may post a comment.

Text Widget

Blogroll

Discussion

Powered by Blogger.
back to top