30 May 2016

အမည်ပျက်ရှိနေသည့် ကျောင်းထိုင်ဘုန်းကြီးအား ဖမ်းဆီးရေး ထိုင်းက အင်အားသုံးဖွယ် ရှိနေ

12:09 pm - By Unknown 0

မေ ၃၀၊ ၂၀၁၆
M-Media

thai

– အလွဲသုံးစားလုပ်ထားသော ငွေများအား အလှူငွေအဖြစ် လက်ခံကာ ငွေကြေးခ၀ါချမှုတွင် ပါဝင်သည်ဟု စွပ်စွဲခံထားရသည့် ဘန်ကောက်မြို့ နာမည်ကျော် ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်အား ဖမ်းဆီးရန်အတွက် ဘုန်းကြီးကျောင်း ပတ်ဝန်းကျင်တွင် ရဲတပ်ဖွဲ့နှင့် စစ်တပ်အင်အား ၂၂၀၀ ကျော်ကို ထိုင်းအစိုးရက ချထားလိုက်သည်ဟု သိရသည်။

ဘန်ကောက်မြို့မြောက်ဖက်မှ ဧက ၁၀၀၀ ကျယ်သော ဓမ္မကာယ ဘုန်းကြီးကျောင်းဖြစ်ပြီး ၀င်ပေါက် ၁၅ ခုတွင် တပ်ဖွဲ့များကို ချထားခဲ့ခြင်းဖြစ်သည်ဟု ထိုင်း အထူးစုံစမ်းစစ်ဆေးရေးဌာန DSI ၏ ရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

နာမည်ပျက်များရှိနေသည့် ကျောင်းထိုင်ဆရာတော် Phra Dhammachayo ကို ဖမ်းဆီးရေး အစိတ်အပိုင်းအဖြစ် ဒရုန်းလေ ယာဉ်တစ်စီးနှင့် ရဟတ်ယာဉ်တစ်စင်းတို့ကလည်း အ၀င်အထွက်အပေါက်များနှင့် ဘုန်းကြီးကျောင်းဝန်းကျင်တို့အား စနေနေ့ကတည်းက ပျံဝဲစောင့်ကြည့်နေသည်။

သက်တော် ၇၂ နှစ်အရွယ်ရှိ အဆိုပါ ဆရာတော်မှာ မသမာသည့်နည်းဖြင့် ရယူထားသော ငွေကြေးများကို အလှူငွေအဖြစ် လက်ခံကာ ငွေကြေးခ၀ါချမှုတွင် ပူးပေါင်းကြံစည်သည်ဟု စွပ်စွဲခံထားရသည်။ သို့သော်လည်း ၎င်း၏ နောက်လိုက်များကမူ မိမိတို့မှာ ဘုန်းကြီးကျောင်း ဂုဏ်သိက္ခာညှိုးနွမ်းစေရန်အတွက် ကြံစည်မှု၏ သားကောင်များသာဖြစ်သည်ဟု ပြောကြားခဲ့သည်။

အဆိုပါ ကိစ္စမှာ Klongchan Credit Union Cooperative ဘဏ္ဍာရေးလုပ်ငန်းမှ ထိုင်းဘတ် ၁၁ ဘီလီယံ (ကန်ဒေါ်လာ ၄၂၅ သန်း) ကျော်ကို အလွဲသုံးစားပြုခဲ့သည့် Supachai Srisupa-aksorn ဆိုသူနှင့်ပတ်သက်နေသည်။ Supachai မှာ ထိုကိစ္စကြောင့် မတ်လတွင် ထောင်ဒဏ် ၁၆ နှစ် ချမှတ်ခံခဲ့ရသည်။

ဓမ္မကာယ ဘုန်းကြီးကျောင်းနှင့် ဆက်နွယ်နေသူများကို Supachai က ထိုင်းဘတ် ၁ ဘီလီယံကျော်ကို ချက်လက်မှတ်ဖြင့် ပေးအပ်ခဲ့သည်ဟု DSI တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဘုန်းကြီးကျောင်းက မိမိတို့၏ ကျောင်းထိုင်ဆရာတော်မှာ ထိုငွေကြေးခ၀ါချမှုတွင် ပါဝင်ပတ်သက်ခြင်းမရှိဘဲ စွဲချက်များမှာလည်း အခြေအမြစ်မရှိဟု တုန့်ပြန်ခဲ့သည်။

ဆရာတော် Phra Dhammachayo မှာ ၎င်းအား စွဲဆိုထားမှုများအား နေမကောင်းသည်ဟုဆိုကာ တရားရုံးတွင် လာရောက်ရင်ဆိုင်ခြင်း မရှိသောကြောင့် ထိုင်းအာဏာပိုင်များက မေလ ၁၇ ရက်နေ့တွင် ဖမ်းဝရမ်းထုတ်ခဲ့သည်။ လက်ရှိအချိန်တွင် အဆိုပါ ဆရာတော်မှာ ဘုန်ကြီး ၂၀၀၀ ခန့် သီတင်းသုံးနေသော ဓမ္မကာယ ဘုန်းကြီးကျောင်းဝင်းအတွင်း ရှိနေပြီး DSI ကမူ ဘုန်းကြီးကျောင်းအတွင်း ရှာဖွေဝရမ်း ထုတ်ပြန်ရန် စဉ်းစားနေသည်ဟု ဆိုသည်။

ထိုင်းတရားရေးဝန်ကြီး Paiboon Koomchaya ကမူ DSI မှာ အဆိုပါ ကျောင်းထိုင်ဆရာတော်အား ဖမ်းဆီးရေး အဆင့် ၅ ဆင့် သတ်မှတ်ထားပြီး တင်းမာမှုများ မဖြစ်ပွားစေရန်အတွက် ဖမ်းမည့်ရက်အတိအကျကို အာဏာပိုင်များက သတ်မှတ်သွားမည်ဟု ပြောကြားခဲ့သည်။

Ref : Straittimes



Related Posts

M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင် လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။
စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။
M-Media ကို အကူအညီပေးလိုလျင် editor@m-mediagroup.com သို့ ဆက်သွယ်နိုင်ပါသည်။
M-Media is an independent, non-profit news channel led by a group of Myanmar Youths. We values media ethics and people’s loyalty.
Follow me @M-Media

0 comments:

Note: only a member of this blog may post a comment.

Text Widget

Blogroll

Discussion

Powered by Blogger.
back to top