29 December 2015

တမန်တော်နေ့ အခမ်းအနားမှာ ဘာသာစုံက ဆရာတော်တွေ ငြိမ်းချမ်းရေး တရားများ ဟောကြားခဲ့

12:06 pm - By Unknown 0

ဒီဇင်ဘာ ၂၉၊ ၂၀၁၅
M-Media
မိုးစက်
DSC_1049
ရန်ကုန်။     ။ လူအချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် ကွဲကွဲပြားပြားသိမြင်ဖို့ အတွက် မိုးလင်းဖို့ လိုအပ်နေပြီလို့ ခရစ်ယာန်သာသနာတော်မှ  Rev.George Shwe Tun( ကက်သလစ်ဂိုဏ်းချုပ်ကျောင်း ရန်ကုန်) က ပြောကြားလိုက်ပါတယ်။

၁၄၉၀ နှစ်မြောက် ဒီဇင်ဘာ မဟာတမန်တော်မုဟမ္မဒ် (ငြိမ်းချမ်းပါစေ) ၏ ဖွားသန့်စင်နေ့ အထိမ်းအမှတ်အခမ်းအနား အဖြစ် ကူလ်ဝသွလ် အစ္စလာမ်ရာသိဗ်အဖွဲ့နှင် မေတ္တာကမ်းပိန်းတို့မှ ပူးပေါင်း ပြုလုပ်ကျင်းပသော ဘာသာမခြား လူမျိုးမခွဲ မေတ္တာနှင့် ခွင့်လွှတ်ချစ်ကြည်စို့ ငြိမ်းချမ်းရေး ဓမ္မသဘင် တွင် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“နေ့တစ်နေ့မှာ မိုးလင်းတယ်ဆိုတာ ဟိုဟာကတော့ ကုက္ကိုပင် ဒီဟာတော့ ညောင်ပင်၊ တိရစ္ဆာန် လူ စသည့်ဖြင့် ခွဲခြားနိုင်တဲ့ အချိန်ဟာ မိုးလင်းပြီဖြစ်တယ်။ ကျွန်တော်တို့တွေဟာလည်း တစ်ယောက်နဲ့ တစ်ယောက် ညီအစ်ကိုရယ်လို့ သိတဲ့အချိန်ကျမှ မိုးလင်းမှာဖြစ်တယ်။ အချစ်နဲ့ မေတ္တာဆိုတာ အရေးကြီးပါတယ်။ စစ်မှန်တဲ့ မေတ္တာ မရှိဘူးဆိုရင် ကျွန်တော်တို့လိုချင်တာ မရနိုင်ပါဘူး။ ကျွန်တော်တို့တွေဟာ လမ်းမှာတွေ့ရင် ပြုံးပြ၊ လက်ဆွဲနှုတ်ဆက်တဲ့အဆင့်ကနေ လက်တွဲလုပ်ဆောင်တဲ့အဖြစ်ကို ရောက်ရအောင် ကြိုးစားရမှာဖြစ်ပါတယ်။ ” ဟု Rev.George Shwe Tun( ကက်သလစ်ဂိုဏ်းချုပ်ကျောင်း ရန်ကုန်) က လူအချင်းချင်း မေတ္တာထားကြရန် ငြိမ်းချမ်းရေး တရားပြောကြားခဲ့ပါတယ်။

ဗုဒ္ဓသာသနာတော်မှ မေတ္တာကမ်ပိန်း ပဓာနဆရာတော် ဘဒ္ဒန္တအရိယာ ဝံသာဘိဝံသ မြဝတီဆရာတော် မှ လူသားအချင်းချင်း မေတ္တာ ထားနိုင်ရန် မာန်မာနတွေ မရှိစေရန်အတွက် ဗုဒ္ဓဘာသာ၏ ကမ္မဝါဒ နှင့် ဓမ္မဝါဒအကြောင်းကို မိန့်ကြားခဲ့ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေရဲ့ ယုံကြည်မှုဟာ ကမ္မဝါဒနဲ့ ဓမ္မဝါဒပဲ ဖြစ်ပြီး ဘာသာတရားတိုင်းကို လေ့လာကြည့်တဲ့အခါမှာ လူသားဟာ ပါဝါမရှိဘဲ လူသားထက် ပါဝါရှိတာက ကောင်းကင်ကြီးကနေ မိုးကြီးသဖွယ် အင်မတန်ကြီးမားတဲ့ပါဝါနဲ့ စီမံခန့်ခွဲနေတဲ့ အရာရှိတယ်ဆိုတာ ဆရာတော်အနေနဲ့ လေ့လာကြည့်တွေ့ရှိခဲ့တယ်လို့ မိန့်ကြားခဲ့ပါတယ်။
1459883_994648243910979_218248368423204629_n
“မြေပြင်မှာရှိနေတဲ့ လူသားတွေဟာ သိပ်မာန မကြီးသင့်ဘူး။ဒါပေမယ့် လူသားတွေဟာ မာနတွေ ကြီးနေကြတယ်။  ငါစွမ်းတယ် ငါဘယ်လောက် ကြိုးစားခဲ့တယ် ဆိုတာကိုပဲပြောတယ်။ ကောင်းကင်က စူပါ ပါဝါကိုတော့ ထည့်စကား မပြောဘူး။ အောင်မြင်ရင်လည်း မာနတွေဖြစ်ကုန်ရော။ ကျရှုံးရင်လည်း ကိုယ့်ကိုကိုယ်အပြစ်တွေ တအား တင်တော့တာပဲ။ တကယ်တော့ မြင်သင်တာက ကိုယ်ရဲ့လုပ်ဆောင်မှုရယ် ကောင်းကင်က စူပါပါဝါရဲ့ အစွမ်းနဲ့ ကောင်းတာတစ်ခုဖြစ်လာရင်လည်း ငါစွမ်းလို့ချည်းမဟုတ်ပါဘူး ကောင်းကင်ရဲ့ အစွမ်းလည်း ပါပါတယ်လို့ ဒီလိုလေးတွေးလိုက်ရင် မာနဖြစ်စရာ မရှိတော့ပါဘူး။” ဟု ထပ်လောင်း မိန့်ကြားခဲ့ပါသည်။

အစ္စလာမ် သာသနာတော်မှ အာလ်ဟာဂ်ျခလီဖွာ ဦးအေးလွင် (ကာဒရီယာ အလီယာ) ကလည်း ဘာသာတစ်ခုချင်းတစ်ခုချင်းရဲ့ တရားတွေဟာ အံ့မခန်းလောက်အောင် တူညီနေတာဖြစ်ပြီး ထိုကဲ့သို့ တူညီရခြင်းဟာလည်း သစ္စာအမှန်ဆိုတာသည် လာရင်းက တစ်ခုတည်းဖြစ်ပြီး ဘယ်သူကမှ ဘယ်သူ့ဆီက တပည့်ခံခဲ့လို့ မဟုတ်ဘဲ လာခြင်းအစ တစ်ခုတည်းက ဖြစ်ကြောင်း နှိုင်းယှဉ်ရှင်းပြ ရှင်းလင်းပြောဆိုခဲ့ပါတယ်။

“ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ် ။ ဆိုးတာလုပ်ရင် ဆိုးတာဖြစ်မယ်ဆိုတာ ကုရ်အာန်ကျမ်းမြတ်ရဲ့ နေရာပေါင်းများစွာမှာပါတယ်။ သဘာဝ စွမ်းအင်တွေက အကောင်းအတွက်ပေးထားတာပါ။ မိမိလုပ်တဲ့ လုပ်ရပ်ကြောင့် အဲဒီဆိုးကျိုးတွေကပြန်ပြီး သက်ရောက်တာပါ။ ပေးထားတဲ့အရာကို ကောင်းတဲ့နေရာမှာသုံးရင် အရှင်ပေးထားတဲ့အရာတွေဟာ ကိုယ့်အတွက် အကျိုးရှိတာတွေ ဖြစ်နေပါလိမ့်မယ်။ အဲ့လိုတရားတွေဟာ တခြားဘာသာတွေနဲ့ တူညီမှုတွေ ရှိနေပါတယ်။” လို့ အလ်ဟာဂ်ျ ခလီဖွာ ဦးအေးလွင်က တရားရေအေးတိုက်ကျွေးခဲ့ပါတယ်။

အစ္စလာမ်သာသနာနှင့် ပတ်သက်ပြီးလည်း လွဲမှားနေသော အယူအဆလွဲများနှင့် ပတ်သက်ပြီးလည်း “အစ္စလာမ်သာသနာဟာ ပုဂိုလ်တစ်ဦးကိုပဲ ဦးတည်ပြီးတော့ တည်ထောင်ထားတဲ့ သာသနာ မဟုတ်ပါဘူး။ မဟာ တမန်တော်မြတ် ထူထောင်ထားတဲ့ သာသနာ မဟုတ်ပါဘူး။ သူ့အရင်က အာဒမ်ကစပြီး ပွင့်လေပြီးသမျှသော လာခြင်းကောင်းတော်မူသော မဟာလူသားအဆူဆူကို တစ်ပါးတစ်လေမှ မချန်ခဲ့ဘဲနဲ့ လက်ခံယုံကြည်မှုမရှိရင် အဲဒီလူဟာ မွတ်စလင်မဟုတ်ပါဘူး။ သို့သော် ဒီနေ့ အစ္စလာမ်သာသနာကို အင်မတန်ကျဉ်းမြောင်းတယ်၊ အင်မတန် အယူသီးတယ်၊ ကိုယ်ကလွဲရင် ကျန်တဲ့လူတွေကို တန်ဖိုးမထားတဲ့  ပုဂ္ဂိုလ်တွေလို့ သရုပ်ဖျက်နေကြပါတယ်။ ဘာသာသနာကို အမုန်းတရားဖက်ကို တိမ်းစောင်းသွားဖို့အတွက် အသုံးချမှုတွေလည်း ရှိခဲ့တယ်။ ဒါကြောင့် မြဝတီဆရာတော်ကြီးနဲ့ ကျွန်တော်တို့ မေတ္တာကမ်ပိန်းဟာ   ဘာ သာသာသနာကို အနုကြမ်းစီးသူတွေ လက်ထဲကနေ လွတ်မြောက်အောင် ကြိုးစားခဲ့တယ်” ဟု စစ်မှန်သော သာသနာတစ်ခုအတွက် ဘာသာပေါင်းစုံနှင့် လက်တွဲခဲ့ကြောင်းကိုလည်း ရှင်းပြပြောဆိုခဲ့ပါတယ်။

ယင်းကဲ့သို့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်စေရန်အတွက် တရားပွဲများပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီး မေတ္တာကမ်းပိန်းမှ တာဝန်ခံဖြစ်သူ ကိုဆန်းတင်ကျော်က ” သီပေါမင်း မပါတော်မီ ခေတ်ကတည်းက ဘာသာတစ်ခုက တစ်ခုနဲ့တစ်ခု အသွားအပြန် ဆက်ဆံမှုတွေရှိတယ်။ တစ်ခုအကြောင်း တစ်ခုသိတယ်။ ဦးနေဝင်း အာဏရှင်စနစ်တက်လာပြီးကတည်းက သူက တစ်လမ်းမောင်းစနစ်ကို ကျင့်သုံးခဲ့တယ်။ ဦးနေဝင်းဟာ ဘာမြင်လဲဆိုတော့ ဘာသာရေးခေါင်းဆောင်တွေ ညီညွတ်ခြင်းဟာ တိုင်းပြည်တစ်ပြည်လုံး ညီညွတ်တယ်ဆိုတာကို သူမြင်တဲ့အတွက် သူတက်လာပြီးကတည်းက ဘာသာရေးတွေ အားလုံးကို စည်းခြားခဲ့တယ်။ မျိုးဆက် တစ်ဆက်လောက်ရောက်တော့ တစ်ခု အကြောင်းတစ်ခု မသိတော့ဘူး။ မသိတော့တဲ့ အတွက် သွေးထိုးပေးလို့ရတယ်၊ ရန်တိုက်ပေးဖို့လွယ်တယ်။ အဲဒါတွေပျောက်ဖို့ အရင်က မူရင်းဆွဲ ရှိခဲ့တဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေး ဆိုတာတွေကို လုပ်ရတာပါ။ ” လို့ တရားပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီး M-Media ကိုပြောပါတယ်။

ကူလ်ဝသွလ်အစ္စလာမ်ရာသိဗ်အဖွဲ့နှင် မေတ္တာကမ်းပိန်းတို့မှ ပူးပေါင်း ပြုလုပ်ကျင်းပသော ဘာသာမခြား လူမျိုးမခွဲ မေတ္တာနှင့် ခွင့်လွှတ်ချစ်ကြည်စို့ ငြိမ်းချမ်းရေး ဓမ္မသဘင်တွင် ဘာသာပေါင်းစုံအသီးသီးမှ ဆရာတော်များက တရားရေအေးများကို တိုက်ကျွေးခဲ့ကြပါတယ်။



Related Posts

M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင် လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။
စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။
M-Media ကို အကူအညီပေးလိုလျင် editor@m-mediagroup.com သို့ ဆက်သွယ်နိုင်ပါသည်။
M-Media is an independent, non-profit news channel led by a group of Myanmar Youths. We values media ethics and people’s loyalty.
Follow me @M-Media

0 comments:

Note: only a member of this blog may post a comment.

Text Widget

Blogroll

Discussion

Powered by Blogger.
back to top