27 August 2014

ဗဟိုအာဖရိက တွင် စစ်သွေးကြွ ခရစ်ယာန်များကြောင့် သောင်းနှင့် ချီသော မွတ်စ်လင်မ်များ ထွက်ပြေးနေရ

10:27 am - By Unknown 0

သြဂုတ် ၂၇ ၊ ၂၀၁၄
M-Media

ဗဟိုအာဖရိကသမ္မတနိုင်ငံတွင် လူမှုအဆောက်အဦကို တစ်စစီဖဲ့ခြွေနေသည့် စစ်သွေးကြွခရစ်ယာန်တို့၏ ကြမ်းတမ်းစွာ တိုက်ခိုက်မှုများကြောင့် သောင်းနှင့်ချီသော မွတ်စ်လင်မ်တို့သည် အိမ်နီးချင်းနိုင်ငံ များသို့ လေယာဉ်များနှင့် လည်းကောင်း၊ ထရပ်ကားများဖြင့်လည်းကောင်း အလွတ်ရုန်း ထွက်ပြေးလျက်ရှိသည်။

မျက်မြင်သက်သေများ၊ ကူညီရေးအေဂျင်စီများနှင့် ငြိမ်းချမ်းရေး ထိန်းသိမ်းသူများ၏ အဆိုအရ လတ်တလော ရက်ပိုင်းအတွင်း ခရစ်ယာန် ဘာသာဝင် သောင်းကျန်းသူ တို့သည် မြို့ငယ်များ၊ ရွာများသာမက မြို့တော်၌ပင် ဓားရှည်များဝှေ့ရမ်းလျက် မွတ်စ်လင်မ် အမြောက်အများတို့ကို သတ်ဖြတ်၍ ၎င်းတို့၏နေအိမ်နှင့် ၀တ်ကျောင်းတော်များအား မီးတင်ရှို့ခြင်း၊ လုယက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ ဗဟိုအာဖရိကတွင် မွတ်စ်လင်မ်တို့သည် လူနည်းစုဝင်များ ဖြစ်ကြသည်။

မကြာသေးမီက Saharan Africa အစွန်အဖျားတွင် ဖြစ်ပွားသော မွတ်စ်လင်မ်-ခရစ်ယာန် ပဋိပက္ခများ၏ဂယက်သည် အဆိုးဝါးဆုံး အကြမ်းဖက်မှုတစ်ရပ် အသွင် မြန်ဆန်စွာ ဖြစ်ပွား လျက်ရှိသည်။ နိုင်ဂျီးရီးယားနှင့် ဆူဒန်နိုင်ငံများကဲ့သို့ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တင်းမာမှုများ ကူးစက်ပြန့်နှံ့နေပြီဖြစ်သည်။

အဆိုပါနိုင်ငံ၏ ပထမဆုံး မွတ်စ်လင်မ်ခေါင်းဆောင် မိုက်ကယ် ဂျိုတိုဒီးယား Michel Djotodia ဖြုတ်ချခံရပြီး လွန်ခဲ့သည့်လ နယ်နှင့် ခံရချိန်မှစတင်၍ ကြမ်းကြုတ် ရက်စက်မှုများ အဆင့်ဆင့် မြင့်တက်လာသည်။ ဂျိုတိုဒီယာသည် ရာထူးမှနှုတ်ထွက်ရန် ဒေသတွင်းခေါင်းဆောင်တို့၏ ဖိအားပေးမှုကို ခံခဲ့ရပြီး ပြီးခဲ့သော မတ်လတွင် အာဏာသိမ်းမှု ခံလိုက်ရသည်။ ဤဆင်းရဲနုံချာသော နိုင်ငံငယ်၏ တည်ငြိမ်ရေးအတွက် သူက ရည်ရွယ် ထွက်ခွာပေးခဲ့သော်လည်း အာဏာာသိမ်းပြီးချိန်ကထက် အကြမ်းဖက်မှုများ အပြင်းထန်ဆုံး ဖြစ်ပေါ်နေသည်ဟု လူသားချင်း စာနာကူညီရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ၀န်ထမ်းလုပ်သားတို့က ဆိုကြသည်။
central-african-re_2758919b
anti-balaka ခရစ်ယာန် စစ်သွေးကြွအဖွဲ့
“ပြည်သူတွေဟာ မိမိတို့အသက်ဘေးနဲ့ ပတ်သက်ပြီး အမြဲတမ်း စိုးရိမ်ကြောက်လန့်နေကြတယ်။ ကိုယ်ပိုင်အစီအစဉ်နဲ့ အလွတ်ရုန်းထွက်ပြေးနေကြတယ်။ အကြမ်းဖက်မှုတွေကို မတွေးဝံ့စရာကောင်းလောက်တဲ့ အဆင့်အထိ အလွန်အကျွံ ဖြစ်သွားခဲ့တယ်” ဟု နယ်စည်းမထား ဆရာဝန်များအဖွဲ့၏ အရေးပေါ်ထောက်ပံ့ ကူညီရေး အစီအစဉ်မှူး Martine Flokstra မှ သောကြာနေ့တွင် ပြောကြားခဲ့သည်။

သောကြာနေ့က ချာ့ဒ် Chad နိုင်ငံမှ စစ်သားများခြံရံ၍ မွတ်စ်လင်မ် ထောင်ပေါင်း များစွာတို့သည် မိမိတို့ပိုင်ဆိုင်မှုများကို ထုပ်ပိုး တင်ဆောင်ထားသည့် ထရပ်ကားများဖြင့် ဘန်ကွေး မြို့ပြင်သို့ မောင်းထွက်သွားကြရာ ခရစ်ယာန်များက ယင်းထွက်ခွာမှု အပေါ် ၀မ်းသာအားရ ကြွေးကြော်ကြ၏။ ခရစ်ယာန် နယ်မြေများသို့ဖြတ်သန်းရာတွင် လုယက်ရန်ကြိုးပမ်း ခဲ့ကြသည်။ ထရပ်ကားပေါ်မှ ပြုတ်ကျသည့် အနည်းဆုံး မွတ်စ်လင်မ် အမျိုးသားတစ်ဦးမှာ လူအုပ်ကြီး၏ သတ်ဖြတ်မှုကို ခံရသည်။ တစ်ချိန်တည်းမှာပင် ထောင် ဂဏန်းမက မွတ်စ်လင်မ် တို့သည် လေဆိပ်၌ ဘေးကင်းစွာ ထွက်ခွာနိုင်ရေး အတွက် စုဝေးတိုးကြိတ်လျက် ရှိကြသည်။

ဗုဒ္ဓဟူးနေ့တွင် ဇနီးသည်၊ ကလေးငယ် ၅ဦးနှင့်အတူ အနောက်ပိုင်း ယာလုခ်မြို့မှ လေဆိပ်သို့ရောက် ရှိလာသော မုဟမ္မဒ် ဆွာလိဟ် ယဟ်ယာ (၃၈)နှစ်က “သူတို့ဟာ မွတ်စ်လင်မ်တွေကို ဓားတွေနဲ့ သတ်ဖြတ်နေကြပါတယ်” ဟု လည်လှီးသည့်ပုံစံလုပ်ပြရင်း ပြောဆိုသည်။

“ ၂ နှစ်ကျော်ကြာအောင် ဆောက်လုပ်ထားခဲ့တဲ့ ကျွန်တော့်အိမ်ကို ခရစ်ယာန်တွေက မိနစ်ပိုင်းအတွင်း ဖျက်ဆီးလိုက်ကြပါတယ်။ ကျွန်တော် စွန့်ခွာထွက် သွားချင်နေပါပြီ”။
Central-African-Republic-January-2014-BellaNaija-03
၂၀၁၄ ခုနှစ် ဇန်နဝါရီလ အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများတွင် မွတ်စလင် တယောက်အား သတ်ဖြတ်ရန် ယူဆောင်လာစဉ်
ဤရှုပ်ထွေးပွေလီသော အပြန်အလှန် ပဋိပက္ခအတွင်း မွတ်စ်လင်မ်တို့၏ ပစ်မှတ်ထားခံရသည့် အကြမ်းဖက် ဓားစာခံ ခရစ်ယာန်များလည်း ရှိကြရာ ကုလသမဂ္ဂနှင့် လူသားချင်းစာနာထောက်ထားရေး တာဝန်ရှိသူများက မျိုးသုဉ်းရှင်းလင်းမှု အသွင်ဆောင်သွားမည်ကို စိုးရိမ်လျက်ရှိကြသည်။ အိမ်ပြန်ရမည်ကို ကြောက်ရွံ့နေသော သို့မဟုတ် အိမ်မပြန်နိုင်သော ခရစ်ယာန်တို့မှာလည်း ညစ်ထေးလှသည့် စခန်းများတွင် တအုံတကျင်း ကျန်ရှိနေသည်။ သို့သော် မွတ်စ်လင်မ်တို့အပေါ် တိုက်ခိုက်မှုများက မပြောင်းမလဲ ပြင်းထန်နေဆဲဟု ကူညီကယ်ဆယ်ရေး လုပ်သားများက ဆိုသည်။

ဂျိုတိုဒီးယား၏ ထွက်ခွာမှုသည် Seleka ဟု ထင်ရှားသော မွတ်စ်လင်မ် သူပုန်အဖွဲ့ဟောင်းကို အင်အားချည့်နဲ့သွားစေခဲ့သည်။ ယင်းအဖွဲ့မှ မတ်လတွင် အာဏာချုပ် ကိုင်လိုက်ပြီးနောက် ခရစ်ယာန်များကို ပြင်းထန်စွာ တိုက်ခိုက်ခဲ့ရာမှ anti-balaka မည်သော ခရစ်ယာန် စစ်သွေးကြွများကို မွေးဖွားပေး လိုက်လေသည်။ ၎င်း လက်နက်ကိုင်သောင်းကျန်းသူများက  မွတ်စ်လင်မ်တို့အား စော်ကားတိုက်ခိုက်မှု အရှိန်မြင့်ရန် အာဏာ လစ်လပ်နေခြင်းကို အသုံးချလိုက်ကြသည်။

လက်ရှိတွင် ဖရိုဖရဲအနေအထားရောက်နေသော Seleka အဖွဲ့သည် မွတ်စ်လင်မ်တို့အား ယင်းအကြမ်းဖက်မှုများမှ ကာကွယ်ပေးနိုင်စွမ်း အလျဉ်းမရှိတော့။ ကုလလုံခြုံရေးကောင်စီ၏ ခွင့်ပြုချက်ဖြင့် ၀င်ရောက်လာသော အင်အား ၆၅၀၀ ၀န်းကျင်ရှိ ပြင်သစ်နှင့် အာဖရိကန်တပ်ဖွဲ့များသည်လည်း အကြမ်းဖက်မှုကို ရပ်တန့်အောင် မတားဆီးနိုင်သေးချေ။

အနောက်မြောက်ပိုင်းဒေသနှင့် ဘန်ကွေး၌ လူနည်းစုမွတ်စ်လင်မ်တို့အား တိုက်ရိုက် တိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိနေသည်။ Anti-Balaka အုပ်စုဝင်များ၏ ၀ိုင်းရံမှုခံရသော မိမိတို့ကျေးရွာများ အတွင်း ပိတ်မိနေသည့် မွတ်စ်လင်မ်တို့၏ ကံကြမ္မာမှာ စိုးရိမ်စရာ ဖြစ်နေသည်။ မွတ်စ်လင်မ် မိသားစု များစွာတို့မှာလည်း အဓမ္မ နယ်နှင်ခံနေရ၏။
ဗဟိုအာဖရိကတွင် မွတ်စ်လင်မ်တို့သည် နိုင်ငံ့လူဦးရေ (၁၅)ရာခိုင်နှုန်း - (၄.၅)သန်းသာရှိသော လူနည်းစုဝင်များ ဖြစ်သည်။
ဗဟိုအာဖရိကတွင် မွတ်စ်လင်မ်တို့သည် နိုင်ငံ့လူဦးရေ (၁၅)ရာခိုင်နှုန်း - (၄.၅)သန်းသာရှိသော လူနည်းစုဝင်များ ဖြစ်သည်။
နယ်မြေရွှေ့ပြောင်းမှုရေးရာ အပြည်ပြည်ဆိုင်ရာ အသင်းအဖွဲ့ IOM - International Organization for Migration ၏ အဆိုအရ ခရစ်ယာန်စစ်သွေးကြွများနှင့် ယခင်အစိုးရဟောင်း၏ စစ်သားများ ပြန်လည်ခေါင်းထောင် လာပြီး အကြမ်းဖက်မှု ဖြစ်ပွားသော ဒီဇင်ဘာ ၅ ရက်ကတည်းက အိမ်နီးချင်းနိုင်ငံများသို့  ထွက်ပြေးခဲ့ကြသူပေါင်း ခြောက်သောင်းကျော် ရှိနေပြီဖြစ်ကြောင်း သိရသည်။ ဂျိုတိုဒီးယား နှုတ်ထွက်ပြီးနောက် ထွက်ခွာသူဦးရေ ပိုမိုမြင့်တက်လာခဲ့သည်။

အများစုမှာ ဆွေမျိုးသားချင်းများရှိကြသည့် ချာ့ဒ်၊ ကင်းမရွန်း၊ နိုင်ဂျီးရီးယား၊ နိဂါးနှင့် ဆူဒန် နိုင်ငံသို့ ထွက်ပြေးကြသည်ဟု IOM ၏ စာရင်းများက ဖော်ပြနေသည်။ ၎င်းတို့ ထဲတွင် နိုင်ငံသားများ သာမက ပြည်ပ လုပ်သားများလည်း ပါဝင်ကြသည်။ ထွက်ပြေးကြသူများအနက် ငါးသောင်းခန့်သည် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင် မွတ်စ်လင်မ် တိုင်းပြည်တစ်ခုဖြစ်သော ချာ့ဒ်သို့ ဦးတည် ထွက်ခွာသွားကြသည်။

“ လူငါးသောင်းဆိုတာ မြို့ငယ်တစ်မြို့စာ ရှိပါတယ်။ ဒါက လမ်းခရီးတစ်ဝက်မှာပဲ ရှိသေးတယ်။ အခြေအနေ မတိုးတက်မကောင်းမွန်ဘူးဆိုရင် ဒီထက် ပိုတိုးလာဖို့သာ ရှိပါတယ်။ မွတ်စ်လင်မ်တွေ ထွက်ခွာမှုကြောင့် ဗဟို အာဖရိကနိုင်ငံအဖို့ စီးပွားရေးနစ်နာမှု နဲ့ ကြုံတွေ့နေရပြီဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ မွတ်စ်လင်မ် အများစုဟာ အခြေခံ လူသုံးကုန်တင်သွင်းတဲ့ ကုန်သည်တွေ၊ အရောင်းသမားတွေဖြစ်သလို အသားစက်ရုံတွေကိုလည်း လည်ပတ်နေ သူတွေ ဖြစ်ကြလို့ပါပဲ။ ကုန်ဈေးနှုန်း ကြီးမြင့်လာပြီး မြို့တော်ထဲမှာပင်လျှင် အမဲသားကို အသည်းအသန် ရှာဖွေနေရပါပြီ။ လူ့ဘောင်တစ်ခုလုံး အကြီးအကျယ် နစ်နာဖို့ ရှိနေပါတယ် ” ဟု IOM ၏ အရေးပေါ် အစီအစဉ်မှူး ဂျော်ဗန်နီ ကက်စာနီ Giovanni Cassani မှ ဆိုသည်။

မြို့တော် ဘန်ကွေး၌ ချာ့ဒ်အထူးတပ်ဖွဲ့များနှင့် Seleka သူပုန်ဟောင်းတို့မှ ချာ့ဒ်နယ်စပ်သို့ ထွက်ခွာသည့် မွတ်စ်လင်မ်တို့၏ ထရပ်ကားတန်းကို ကာကွယ်စောင့်ရှောက်ပေး ခဲ့ကြသည်။ ပြင်သစ်နှင့် အာဖရိကန် စစ်သည်တို့မှာလည်း လုယက်သူများနှင့် ရင်ဆိုင်ရမှုများရှိရာ ထရပ်ကားအချို့ လက်လွှတ်ဆုံးရှုံးခဲ့ရသည်။

ထရပ်ကားပေါ်မှ ကျကျန်ခဲ့သည့် အမျိုးသားတစ်ဦးမှာ လက်များ၊ မတော်တရော်များကို လူရမ်းကားအုပ်စုမှ အမဲဖျက်သလို ဖြတ်တောက်သတ်ဖြတ်လိုက်ကြောင်း၊ လွန်ခဲ့သော (၁၄)ရက်ခန့်ကပင် အကောင်း ပကတိရှိနေသော မွတ်စ်လင်မ်တို့၏ ရပ်ဝန်းများမှာ Anti-Balaka အဖွဲ့လက်ချက်ဖြင့် ၀တ်ကျောင်းများ၊ အိမ်ခြေများ ရစရာမရှိအောင် ပျက်စီးသွားကြောင်း၊ မွတ်စ်လင်မ်တစ်သောင်းခန့်ရှိခဲ့သော ဘော့ဆန်ဂိုအာမြို့တွင် ယခုအခါ ရာဂဏန်းမျှသာ ကျန်ရစ်တော့ကြောင်း၊ မွတ်စ်လင်မ်များ တစ်ဦးမကျန် ထွက်ခွာသွားသော ဒေသများမှအပ တည်ငြိမ်မှု မရှိသေးကြောင်း လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့၏ အရေးပေါ်ကိစ္စများဆိုင်ရာ ဒါရိုက်တာ Peter Bouckaert မှပြောကြားသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်တွင် လေဆိပ်သို့ရောက်လာပြီး ထွက်ခွာရန် စောင့်ဆိုင်းနေသည့် မုဟမ္မဒ် အဗ်ဒိရဟ်မာန်း (၆၂)နှစ်က မိမိ၏ရွာ ဂျဘ၀ီမှာ Anti-Balaka တို့ လက်ချက်ဖြင့် မီးလောင်ပြင်ဖြစ်ခဲ့ပြီး လူအားလုံးနီးပါး သတ်ဖြတ်ခံလိုက်ရကြောင်း၊ စုပြုံသတ်ဖြတ်မှု မဖြစ်ပွားမှီ မိမိ၊ ဇနီသည်နှင့် သားသမီး (၁၂)တို့ ထွက်ခွာလာကြသဖြင့် ကံကောင်းထောက်မစွာ သေဘေးမှ လွတ်လာကြောင်း၊ ဆက်လက်နေထိုင်ပါက မိမိနှင့် မိသားစုကို ခရစ်ယာန်များမှာ ရသည့်နည်းဖြင့် (နှုတ်ပိတ်) သတ်ဖြတ်တော့မည်ဖြစ်ကြောင်း ပြောပြခဲ့သည်။

Ref : Washington Post
မင်းထွဋ်ခေါင် ဘာသာပြန်သည်။

M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင် လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။
စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။
M-Media ကို အကူအညီပေးလိုလျင် editor@m-mediagroup.com သို့ ဆက်သွယ်နိုင်ပါသည်။
M-Media is an independent, non-profit news channel led by a group of Myanmar Youths. We values media ethics and people’s loyalty.
Follow me @M-Media

0 comments:

Note: only a member of this blog may post a comment.

Text Widget

Blogroll

Discussion

Powered by Blogger.
back to top