17 August 2014

တရုတ် အနုပညာ လက်ရာများဖြင့် ဗလီဝတ်ကျောင်း မလေးရှား ပီနန်မြို့တွင် ဆောက်လုပ်တော့မည်

8:52 pm - By Unknown 0

သြဂုတ် ၁၇ ၊ ၂၀၁၄
 M-Media

1893 ခုနှစ်က ဆောက်လုပ်ခဲ့သည့် နှစ် ၁၂၀ ကျော်ရှိပြီဖြစ်တဲ့ ပီနန်မြို့မှ ဗလီတလုံး
    - တရုတ်လူမျိုး အစ္စလာမ်ဘာသာဝင်များအတွက် မလေးရှားနိုင်ငံ ပီနန်မြို့တွင် တရုတ်ရှေးဟောင်း အနုပညာလက်ရာများ အသုံးပြုထားသည့် ဗလီဝတ်ကျောင်း တော်သစ်တစ်လုံးကို ဆောက်လုပ်ခွင့်ရခဲ့ပြီဟု သိရသည်။

“တရုတ်ဗလီဝတ်ကျောင်းတော်ရဲ့ ရည်ရွယ်ချက်ကတော့ အစ္စလာမ်ရဲ့ လူမျိုးမခွဲခြားတဲ့ စကြ၀ဠာလုံးဆိုင်ရာ ဇစ်မြစ်ကို ပြသဖို့ပါပဲ” ဟု ပီနန်သာသနာရေးရာ ကော်မတီမှ ဥက္ကဌ အဘ်ဒူလ် မာလစ် အဘူလ် ကာစင်မ်က သြဂုတ် ၁၃ ရက်နေ့တွင် Malay Mail သတင်းစာသို့ ပြောကြားခဲ့သည်။

ပီနန်ရှိ တရုတ်မွတ်စလင်လူနည်းစုများ ၀တ်ပြုစုတောင်းရန်နှင့် လူ့အဖွဲ့အစည်းနှင့် ပတ်သက်သော လှုပ်ရှားမှုများ ဆောင်ရွက်ရန်အတွက် တရုတ်ရိုးရာကို အခြေခံသည့် ဗလီဝတ်ကျောင်းတော်တစ်လုံး ဖြစ်မြောက်ရေး လှုပ်ရှားမှုကို ၂၀၀၈ ခုနှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဗလီဝတ်ကျောင်းတော်မှာ ပြည်နယ်၏ ပထမဆုံးသော တရုတ်ရိုးရာအခြေပြု ဗလီဝတ်ကျောင်းတော် ဖြစ်လာမည်ဖြစ်ပြီး၊ ထိုဗလီဝတ်ကျောင်းတော်တွင် သောကြာနေ့ ခွသ်ဗဟ်(တရားဒေသနာတော်) ကိုလည်း တရုတ်လူမျိုးတို့၏ မန်ဒရင်း ဘာသာစကားဖြင့် ဟောကြားမည်ဖြစ်သည်။

“ပြောင်မြောက်တဲ့ တရုတ်အနုပညာလက်ရာတွေနဲ့ ဒီဗလီဝတ်ကျောင်းတော်ကို ဆောက်လုပ်ဖို့ အစိုးရက စီစဉ်ထားပြီး ဒါဟာ နိုင်ငံအတွင်းမှာရှိတဲ့ မလေးလူမျိုး၊ တရုတ်လူမျိုးနဲ့ အိန္ဒိယလူမျိုးတွေရဲ့ မတူညီတဲ့ ယဉ်ကျေးမှုတွေကို ရောင်ပြန်ဟပ်စေမှာပါ” ဟု အဘူကာစင်မ်က ထပ်လောင်းပြောကြားခဲ့သည်။

ယခုလက်ရှိတွင် မလေးရှားရှိ ကလန်တန်းပြည်နယ်နှင့် အီပိုးပြည်နယ်တို့တွင် ရှေးဟောင်း တရုတ်အနုပညာများဖြင့် ဆောက်လုပ်ထားသော သမိုင်းဝင် ဗလီဝတ်ကျောင်းတော်နှစ်လုံး ရှိနေသည်။

“လူမျိုးစုံရှိတဲ့ လူ့အဖွဲ့အစည်းဆိုတာကို ဖော်ပြတဲ့ ဗလီဝတ်ကျောင်းတော်တွေ ပီနန်မှာ အများကြီးရှိပါတယ်။ အာရဗ်ဗလီ၊ အာချေးဗလီ၊ ကီလင်းဗလီနဲ့ နောက်ထပ်အများကြီး ရှိနေပါတယ်။ အစ္စလာမ်ဆိုတာ သဘောထားကြီးပြီး စကြ၀ဠာလုံးဆိုင်ရာ ဘာသာတရားဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ ပြချင်ပါတယ်။ ဗလီဝတ်ကျောင်းထဲကိုဝင်ဖို့ ဘယ်သူ့ကိုမှ ကန့်သတ်မထားပါဘူး။ အစ္စလာမ်ဆိုတာ မလေးလူမျိုးပိုင်မဟုတ်ပါဘူး” ဟု အဘူကာစင်မ်က ဆိုသည်။

မလေးရှားနိုင်ငံတွင် လူဦးရေ ၂၆ သန်းရှိပြီး မလေးလူမျိုးအများစုမှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြကာ အစ္စလာမ်ဘာသာဝင် ၆၅ ရာခိုင်နှုန်းရှိနေသည်။ တရုတ်နှင့် အိန္ဒိယလူမျိုးအများစုမှာ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာနှင့် ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြသည်။ တရုတ်လူမျိုး အစ္စလာမ်ဘာသာဝင်မှာ ခန့်မှန်းခြေအားဖြင့် ၅၇၀၀၀ ခန့်ရှိနေသည်။

M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင် လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။
စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။
M-Media ကို အကူအညီပေးလိုလျင် editor@m-mediagroup.com သို့ ဆက်သွယ်နိုင်ပါသည်။
M-Media is an independent, non-profit news channel led by a group of Myanmar Youths. We values media ethics and people’s loyalty.
Follow me @M-Media

0 comments:

Note: only a member of this blog may post a comment.

Text Widget

Blogroll

Discussion

Powered by Blogger.
back to top